ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့က ကျေးရွာတချို့မှာ စစ်တပ်က ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ခြိမ်းခြောက်တာကြောင့် ဒေသခံရာနဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်လာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUက ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မုန်းမြို့နယ် KNU စီမံအုပ်ချုပ်မှုနယ်မြေထဲကတမောခေါနဲ့ထောင်စု ကျေးရွာတွေက ရပ်မိရပ်ဖတွေကို စစ်တပ်က ဗိုလ်ကြီးဇေယျာလင်းကခေါ်တွေ့ပြီး ရွာကထွက်သွားဖို့နဲ့ မထွက်ရင် နေအိမ်တွေကို မီးရှို့မှာြဖစ်တယ်လို့ ခြိမ်း ခြောက်ခဲ့တာဖြစ်ကြောင်း KNU က ဆိုပါတယ်။
အဲ့ဒီလို ခြိမ်းခြောက်တာကြောင့် အိမ်ခြေ(၆၁)လုံးရှိတဲ့တမာခေါကျေးရွာက ဒေသခံရွာသားသုံးရာ ကျော်(၃၃၄) ဦးဟာ ဒီကနေ့မှာ အနေရပ်စွန့်ခွာတိမ်းရှောင်လာကြပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေမှာ ပြောင်းရွှေ့ နေထိုင် ကြရတယ်လို့ သိရပါတယ်။
တောင်စုကျေးရွာကတော့ ကေအဲန်ယူရဲ့ မုန်းမြို့နယ် တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး ကျေးရွာထဲမှာပဲ ဆက်လက်နေထိုင်စေတာကြောင့် တိမ်းရှောင်မှုမရှိကြသေးဘူးလို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အခုနှစ်ဇူလိုင်လအထိ KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲမှာရွာပေါင်း (၄၆)ရွာ၊အိမ်ခြေပေါင်းနှစ်ထောင်ကျော် (၂၁၁၆)က လူဦးရေစုစုပေါင်းတသောင်းကျော် (၁၂၄၅၃ဦး)နေရပ်စွန့် ခွာတိမ်းရှောင်ခဲ့ရတယ်လို့ KNU ကထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ ဩဂုတ်လကနေ ဒီနေ့အထိလည်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ ဆက်ရှိနေပြီး ကျေးရွာ (၁၅) ရွာ၊အိမ်ခြေစုစုပေါင်း (၁၁၂၀) ကလူဦးရေ ခြောက်ထောင်ကျော် (၆၂၁၆) ထပ်ပြီး တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။