ကြမ်းတမ်းခက်ထန်တဲ့ ငယ်ဘဝ အတွေ့အကြုံတွေအကြောင်း ပြောပြခဲ့တဲ့ အန်တိုနီ

Photo – The Sun

သူဟာ ဆင်းရဲနုံချာပြီး ခက်ခဲကြမ်းတမ်းလွန်းတဲ့ ငယ်ဘဝကနေ ကိုယ့်ကိုယ်ကိုယ် ကြိုးစား တည်ဆောက်ခဲ့ရတာ ဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် အန်တိုနီက ဖွင့်ဟခဲ့ပါတယ်။

ဘရာဇီးရဲ့ ကမ္ဘာကျော် ဘောလုံးသမား တချို့လိုပဲ အန်တိုနီရဲ့ ငယ်ဘဝ ဖြတ်သန်းမှုဟာ ပန်းခင်းလမ်း မဟုတ်ခဲ့ပါဘူး။ သူဟာ ငယ်ငယ်တုန်းက ဘောလုံးကို အရူးအမူး ချစ်မြတ်နိုးခဲ့ပေမယ့် ဘောလုံးကန် ဖိနပ်တောင် ဝယ်စီးဖို့ ပိုက်ဆံ မရှိခဲ့တဲ့အတွက် အရမ်း သိမ်ငယ်မိခဲ့တယ်လို့ အသက် ၂၂ နှစ်အရွယ် ကစားသမားက ဆိုပါတယ်။

ယူနိုက်တက်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ပိတ်ရက်မှာ နယ်သာလန်ကလပ် အိုင်းယက်စ်ကနေ အန်တိုနီကို စတာလင်ပေါင် ၈၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဘရာဇီး လက်ရွေးစင်ဟာ ဆရာဟောင်း အဲရစ်တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ အသင်းသစ်မှာ ခပ်မြန်မြန်ပဲ အထိုင်ကျခဲ့ပြီး ပွဲဦးထွက်အဖြစ် အာဆင်နယ်နဲ့ ကစားတဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက် ဖြစ်လာပါတယ်။

လက်ရှိ အခြေအနေမှာ သူ့ရဲ့ ဘောလုံးသမား ဘဝက စိုပြေသာယာပြီး အဖက်ဖက်က အားကျစရာ ဖြစ်နေပေမယ့် ဘရာဇီးနိုင်ငံ၊ ဖာဗဲလာ ဒေသမှာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ငယ်ဘဝ အတွေ့အကြုံတွေကတော့ ခြားနားလွန်းတယ်လို့ အန်တိုနီက ပြောပြပါတယ်။ သူတို့ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် သူ့ကိုယ်ပိုင် အိပ်ရာတောင် မရှိခဲ့ပဲ ဆိုဖာဟောင်း တစ်လုံးပေါ်မှာပဲ အိပ်ရတယ်လို့ ဆိုပါတယ်။

သူ့အိမ်နဲ့ ကိုက် ၂၀ လောက် အကွာမှာ မူးယစ်ဆေး ရောင်းဝယ်သူတွေ တရုံးရုံး ဖြစ်နေပြီး ဆေးသုံးကြတဲ့အခါ အနံ့တွေတောင် အိမ်ထဲထိ ဝင်လာတတ်တယ်လို့ အန်တိုနီက ပြောပါတယ်။ မိုးရွာရင် အိမ်က မိုးမလုံသလို မိုးခြိမ်းသံတွေ အရမ်းကျယ်တဲ့အခါ မောင်နှမတွေ ကြောက်ကြောက်နဲ့ ဖက်ငိုခဲ့ကြရတယ်လို့ သူက ဖွင့်ဟပါတယ်။

အခုတော့ သူဟာ သိမ်ငယ်စရာ အတိတ်တွေကို ချန်ထားခဲ့ပြီး ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုရဲ့ မျှော်လင့်တကြီး စောင့်ကြည့်ခံရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ လောလောဆယ် သူဟာ နယ်မြေသစ်မှာ လုံးလုံးလျားလျား အခြေမကျသေးပေမယ့် မကြာခင်မှာ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့လည်း အန်တိုနီက အလေးအနက် မျှော်လင့်နေပါတယ်။