မီးစက်ကထွက်တဲ့ မီးခိုးငွေ့ကြောင့် မတူပီမှာ ကလေးရှစ်ဦး အရေးပေါ်ကုသမှုခံရ

Photo – Google

လျှပ်စစ်မီး ပုံမှန်မရတဲ့ မတူပီမြို့မှာ မီးစက်အသုံးပြုရာက ထွက်လာတဲ့ ဓာတ်ဆီငွေ့တွေကြောင့် Sunday School တက်နေတဲ့ ကလေးရှစ်ဦး အရေးပေါ်ကုသမှုခံယူခဲ့ရတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

မတူပီမြို့ DBC အသင်းတော် ချာ့ချ်ကျောင်းမှာ ဒေသခံ ခရစ္စယာန်ဘာသာဝင်တွေ အပတ်စဉ် ပုံမှန် ဝတ် ပြုရက် ဖြစ်တဲ့ တနင်္ဂနွေနေ့(စက်တင်ဘာ ၁၁ရက်)မှာ Sunday Schoolက ကလေးတွေ အရေးပေါ် ကုသမှု ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။

“အချိန်မှီတွေ့လိုက်လို့ အရမ်းဆိုးဆိုးရွားရွားတော့မဖြစ်ဘူး၊နည်းနည်းသာနောက်ကျသွားရင် အခြေနေဆိုးမှာ အချိန်မှီတွေ့လို့ကံကောင်းသွားတာ၊ ငါးယောက်လောက်ကိုတော့ဆေးရုံရောက်တာနဲ့ အောက်စီဂျင်တွေပေးကြတယ်” လို့ DBC အသင်းတော်က အသင်းသားတဦးကပြောပါတယ်။

လက်ရှိမှာတော့ အရေးပေါ်ကုသမှုခံယူခဲ့ရတဲ့ ကလေးငယ်အားလုံး ကျန်းမာရေး ပြန်ကောင်းလာပြီး မကြာမီ ဆေးရုံ က ဆင်းခွင့်ရမယ်လို့ သိထားကြောင်း အဲ့ဒီအသင်းသားက ပြောပါတယ်။

ဘုရားကျောင်းတက်မယ့်အချိန်မီးမလာတာကြောင့် အောက်ဆုံးထပ်မှာ မီးစက်နှိုးပြီး မီးစက်ထားတဲ့အခန်း သော့ပိတ်ခဲ့တာကနေ မီးခိုးငွေ့တွေက ပျဉ်ထောင်အဆောက်အအုံဖြစ်တဲ့ ချာ့ချ်ကျောင်း အပေါ်ထပ်တွေအထိ ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို မီးခိုးငွေ့တွေက Sunday School အခန်းထဲအထိရောက်လာတာကြောင့် ကလေးငယ်တွေဟာ မီးခိုး ငွေ့ ရှုမိပြီး အသက်ရှုပ်ကျပ်တာ၊ မူးဝေတာတွေ ဖြစ်ခဲ့ကြတာပါ။

မီးစက်က ထွက်တဲ့မိုးခိုးငွေ့ကြောင့် မူးဝေ၊ အသက်ရှုကျပ်ပြီး အရေးပေါ်ကုသမှုခံယူရတဲ့ဖြစ်စဉ်တွေ တခြားဒေသတွေမှာလည်း မကြာခဏရှိ တတ်သလို လူသေဆုံးတဲ့ ဖြစ်စဉ်တချို့လည်းရှိပါတယ်။