အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့တဲ့ ဂျူဗင်းတပ်စ် တိုက်စစ်မှူး အနီကတ်ထိ၊ VARကြောင့် သွင်းဂိုးပါ ပယ်ဖျက်ခံရ 

Photo-Goal

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်းတပ်စ်နဲ့ ဆလာနီတာနာ အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့ပြီး ဂျူဗင်းတပ်စ် တိုက်စစ်မှူး အာရက်ခ် မီလစ်ခ်ကလည်း တစ်သက်လုံး စိတ်နာနေလောက်တဲ့ အနီကတ်ပြ ထုတ်ပယ်မှုမျိုးနဲ့ ကြုံခဲ့ရပါတယ်။

တူရင်မြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး ဘောလုံးပွဲတစ်ပွဲ ဖြစ်လာခဲ့ပြီး ဒိုင်လူကြီးကလည်း စုစုပေါင်း အနီကတ် ၄ ကြိမ် ပြသခဲ့ပါတယ်။ နှစ်ဂိုးစီ သရေကျနေချိန်မှာ အိမ်ရှင် ဂျူဗင်းတပ်စ်က အနိုင်ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပြီး ပွဲပြီးခါနီး နာကျင် အပိုဆောင်းချိန် ၉၄ မိနစ်မှာ ပိုလန် တိုက်စစ်မှူး မီလစ်ခ်က ခေါင်းတိုက် ဂိုးသွင်းလိုက်ပါတယ်။

အပျော်လွန်နေတဲ့ မီလစ်ခ်ဟာ သူ့ရဲ့ ဘောလုံးအင်္ကျီကိုချွတ်ပြီး အောင်ပွဲခံမိခဲ့တာကြောင့် ဒုတိယ အဝါထိပြီး အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။ ပိုပြီး ဆိုးရွားတဲ့ ကိစ္စကတော့ ဒိုင်လူကြီးက ဗီဒီယို အထောက်အကူစနစ် VARကို ပြန်ကြည့်ပြီးချိန်မှာ ဂျူဗင်းတပ်စ် နောက်ခံလူ လီယိုနာဒို ဘိုနူချီက လူကျွံနေပါတယ်ဆိုပြီး မီလစ်ခ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်လိုက်ခြင်းပါပဲ။

ပြင်သစ်ကလပ် အိုလံပစ် မာဆေးလ်ကနေ ဂျူဗင်းတပ်စ်ကို အငှားလာရောက် ကစားနေတဲ့ တိုက်စစ်မှူး အတွက်တော့ အနီကတ် ထိတဲ့အပြင် သွင်းဂိုးပါ ပယ်ဖျက် ခံလိုက်ရတာကြောင့် ဖွတ်မရ၊ ဓားမဆုံး အခြေအနေမျိုး ကြုံသွားရရှာပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ ဂျူဗင်းတပ်စ် ပရိသတ်တွေက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

VARကိုသုံးပြီး သွင်းဂိုးကို ပယ်ဖျက်မယ်ဆိုရင် အဲဒီအတွက် အောင်ပွဲခံမိတဲ့ မီလစ်ခ်ကိုလည်း အနီကတ်ပြ ထုတ်ပယ်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ဂျူဗင်းတပ်စ် ပရိသတ်တွေက Twitterမှာ ရေးသားနေကြပါတယ်။ နောက်ပြီး တကယ်တမ်းမှာလည်း ဘိုနူချီဟာ လူကျွံ အနေအထားမှာ ရှိနေတာ မှန်ပေမယ့် သွင်းဂိုးနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်မှု မရှိတာကြောင့် လူကျွံဘော သတ်မှတ်သင့် မသင့်ကလည်း အငြင်းပွားစရာတွေ ဖြစ်နေပြန်ပါတယ်။

ဒီပွဲမှာ နှစ်ဖက် အခြေအတင်တွေ ဖြစ်ကြရာက ဂျူဗင်းတပ်စ် အသင်းရဲ့ မန်နေဂျာ မက်စ် အယ်လီဂရီ၊ တောင်ပံ ကစားသမား ဟွမ် ကွာဒရာဒိုနဲ့ ဆလာနီတာနာ ကစားသမား ဖက်ဒရေကို ဖေဇီယိုတို့ပါ အနီကတ် ထိခဲ့ကြပြန်ပါတယ်။

အီတလီ ဘောလုံးလောကရဲ့ အစဉ်အလာ အကြီးဆုံး အသင်းဖြစ်တဲ့ ဂျူဗင်းတပ်စ်ဟာ အခုနှစ် ဘောလုံးရာသီမှာတော့ အခြေအနေ မကောင်းသေးဘဲ ၆ ပွဲကစားပြီးချိန်ထိ ၂ ပွဲသာနိုင်၊ ၄ ပွဲ သရေကျထားတာကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာထိ ကျဆင်း ရပ်တည်နေပါတယ်။

Ref: Goal