ကပ်ရောဂါ ကာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်မှာ ပူတင်နဲ့ တွေ့ဆုံမယ့် ရှီကျင့်ဖျင်

Photo- AP

ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ စတင်လာချိန်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံပြင်ပကို ခရီးထွက်ခွာမယ်လို့ သိရပါတယ်။

 ကိုဗစ် ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံ ပြင်ပထိ ကူးစက်မှုတွေ ကျယ်ပြန့်လာပြီး ကမ္ဘာ့ ကပ်ရောဂါကြီး ဖြစ်လာခဲ့တာပါ။

 သမ္မတရှီဟာ ကိုဗစ်ရောဂါ အဦးအစ ကာလတွေ ကတည်းက နိုင်ငံပြင်ပကို ခရီးထွက်ခွာတာမျိုး မရှိတော့ပါဘူး။ တစ်နည်းအားဖြင့် ရှီဟာ ၂ နှစ်ကျော်လောက် ရှည်လျားတဲ့ အချိန်တလျှောက်လုံး တရုတ်နိုင်ငံ ပိုင်နက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ သူဟာ တရုတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပေမယ့် ပြည်ပက အစည်းအဝေးတွေ ဆိုရင်တော့ အွန်လိုင်းကပဲ ချိတ်ဆက်ပြီး ပါဝင်နေခဲ့တာပါ။ 

ရှီက စက်တင်ဘာ ၁၄ ရက်မှာ အာရှအလယ်ပိုင်းက ကာဇက်စတန် နိုင်ငံကို တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ရှီဟာ ရှေးခေတ် ပိုးလမ်းမကြီး ဖြတ်သန်းရာ ဆာမာကန်း မြို့မှာ ကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်ပိုရေးရှင်းရဲ့ အထူးညီလာခံမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

 ယူကရိန်း ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ အရှိန်မြှင့်လာတဲ့အတွက် နိုင်ငံတကာ အလယ်မှာ တစ်စထက်တစ်စ အထီးကျန်လာနေတဲ့ ပူတင်အတွက်တော့ ရှီက ပိုမို နီးကပ်တဲ့ နိုင်ငံရေး မိတ်ဖက် ဖြစ်လာနိုင်ပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုအတွင်း တရုတ်နဲ့ ရုရှား ခေါင်းဆောင်တွေဟာ ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကြောင်း ပူးတွဲ သဘောထား ထုတ်ပြန်တာမျိုးလည်း ရှိလာနိုင်ပါတယ်။

 ပူတင်ရဲ့ နိုင်ငံခြားရေး မူဝါဒ အကြံပေး အရာရှိ ယူရီ အူရှာကော့ဗ်က ပူတင်နဲ့ ရှီတို့ တွေ့ဆုံဖြစ်ဖွယ် ရှိတယ်လို့ အစောပိုင်း ကတည်းက မှတ်ချက် ပေးထားဖူးပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ရုရှား အစိုးရက မထုတ်ပြန်ပါဘူး။ တရုတ်ဖက်ကလည်း သမ္မတရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေအကြောင်း နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

 လတ်တလော အခြေအနေတွေအရ ရုရှားဟာ ကျူးကျော်စစ်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက စစ်မြေပြင်မှာ ရုရှား တပ်တွေဟာ ဆက်တိုက် အရေးနိမ့်နေပြီး ထိန်းချုပ် နယ်မြေတွေကို လက်လွှတ်နေရပါတယ်။

 

ကမ္ဘာ့ စူပါပါဝါအသစ် ဖြစ်လာတဲ့ တရုတ်နဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ရုရှားတို့ဟာ တရားဝင် စစ်ရေး မဟာမိတ်တွေ မဟုတ်ကြပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆက်ဆံရေး သိသိသာသာ မြှင့်တင်လာပြီး ဒီအခြေအနေကို အမေရိကန်နဲ့ မဟာမိတ်တွေက သတိကြီးကြီး စောင့်ကြည့်နေကြပါတယ်။ 

 

Ref: Reuters