မိုးဆက်တိုက်ရွာနေလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အခက်တွေ့

စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေတဲ့အတွက် နေထိုင်စားသောက်ရေးအတွက် အခက်တွေ့နေတယ်လို့ South Monywa PDF အဖွဲ့က DNA ကိုပြောပါတယ်။
“နေရေးထိုင်ရေးကော စားရေးသောက်တာ ချက်ပြုတ်ရတာကစပေါ့၊ မိုးဆက်တိုက်ရွာတာ နှစ်ညရှိပြီ အခုကောပဲ လက်ရှိနေ့ဘက်ပါ ရွာနေတာ” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးတွေဆက်တိုက်ရွာနေတာကြောင့် တောတောင်ထဲမှာ စခန်းချနေထိုင်ကြရတဲ့အခါ ဆိုလာနဲ့ ဘတ္ထရီကို အားကိုးနေရတဲ့ ရဲဘော်တွေအတွက် လျှပ်စစ်ဓါတ်အားရဖို့လည်း ခက်ခဲနေတာ ဖြစ်ပါတယ် ။
“မိုးရွာနေတော့ ဆိုလာအားမဝင်ဘူးပေါ့၊ လမ်းကလည်း ဗွက်တွေကြည့်ချော်နေတော့ သွားရတာကစ အဆင်မပြေဘူးဗျ၊ အခုဆို ဆိုင်ကယ်နဲ့ မရတော့ဘူး ခြေလျင်နဲ့သွားရတော့ ပိုခက်ခဲတာပေါ့ဗျ” လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုးတွေရွာနေတာကြောင့် ဖျားနာတာနဲ့ တုပ်ကွေးရောဂါတွေအတွက်လည်း စိုးရိမ်နေကြရပြီး စခန်းတွင်းဖျားနာတာတွေရှိနေကာ ဆေးမှူးရှိပေမယ့် ဆေးမလောက်ငှမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနေရာတချို့မှာ စက်တင်ဘာလ ဒုတိယအပတ်ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က စက်တင်ဘာလ (၅) ရက်နေ့မှာ ပြောခဲ့ပါတယ် ။