စစ်အာဏာရှင်ကို ခုခံတော်လှန်အားကောင်းတဲ့ ယောဒေသ ထီးလင်းမြို့နယ်မှာ YDF ( Htilin) က စစ် ဆေးရေးဂိတ်လေးခုဖွင့်ပြီး ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်သွားမယ်လို့ စင်တင်ဘာ ၁၀ ရက် ဒီ ကနေ့မှာ ထုတ်ပြန်ပါတယ်။
“ပြည်သူတွေကိုလုံခြုံမူပေးနိုင်ဖို့၊ စစ်ကောင်စီထုတ်ကုန်တွေကိုတားမြစ်ဖို့၊ စစ်ကောင်စီရဲ့ လက်နက်ခဲ ယမ်းသယ်ယူမူကို ကန့်သတ်တားမြစ်ဖို့ အချက်သုံးချက်က အဓိကဖြစ်ပါတယ်” လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကို ပြောပါတယ်။
YDF တပ်ဖွဲ့အနေနဲ့ အရင်က ကင်းပုန်းတွေနဲ့ ပြည်သူတွေလုံခြုံရေးလုပ်ဆောင်ခဲ့ပြီး စစ်ဆေးရေးဂိတ် တွေဖွင့်တာတော့ နှစ်ပတ်လောက်ကြာပြီဖြစ်ပြီး ဒီကနေ့မှ စတင်သတင်းထုတ်ပြန်တာဖြစ်တယ်လို့ သူ ကဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကိုတားမြစ်ရာမှာ စစ်ကောင်စီရဲ့ယန္ဒရားလည်ပတ်နိုင်အောင် အကူအညီ ပေးနေတဲ့ အရက်၊ယမကာလို ထုတ်ကုန်တွေကို အဓိကထားတားမြစ်မှာဖြစ်ပြီး ဖမ်းမိရင် ပြည်သူ တွေရှေ့မှာ ဖျက်ဆီးမှာဖြစ်တယ်လို့ ဆိုပါတယ်။
YDF စစ်ဆေးရေးဂိတ်ကရဲဘော်တွေကို ပြည်သူလူထု အဆင်ပြေစွာဆက်ဆံကြဖို့၊ ရေသန့်ဗူးကစ တံစိုးလက်ဆောင်ငွေကြေး ဘာမှ ပြည်သူတွေဆီက မလက်ခံဖို့ မှာကြားထားပြီး ပြည်သူတွေအနေနဲ့ မကျေနပ်တာရှိရင် YDF ရုံးချုပ်ကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ သခင်ဇော်ကပြောပါတယ်။
ပြည်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာ ၊ ပြည်သူတွေဆီက တံစိုးလက်ဆောင်ယူတာတွေကို စစ် ဆေးတွေ့ရှိခဲ့ရင် သက်ဆိုင်တဲ့ရဲဘော်ကို တပ်တွင်းစည်းကမ်းအရ အရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။ အရေးယူမူဟာ ပြည်သူအပေါ်ထိခိုက်နစ်နာမူအပေါ်မူတည်ပြီး ကြီးလေးနိုင်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထီးလင်းမြို့နယ်အတွင်း လက်နက်ခဲယမ်းသယ်ယူရာမှာ အရင်လို စစ်ကား တွေနဲ့သယ်ယူတာမျိုးမလုပ်တော့ဘဲ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်ယူလာတဲ့အတွက်လည်း အခုလိုဂိတ်တွေ ဖွင့်ပြီးစစ်ဆေးဖို့ စီစဉ်ရတာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ စစ်ဆေး၊မေးမြန်းတဲ့အခါ ကြည်ဖြူစွာ ပူးပေါင်း ဆောင်ရွက်ပေး ကြဖို့၊ တားမြစ်ပစ္စည်းတွေသယ်ယူရောင်းဝယ်တာမလုပ်ဖို့ ၊တပ်ဖွဲ့ဝင်တွေကို ငွေကြေး ပေးတာမလုပ် ကြဖို့နဲ့အခွန်/အလှူငွေ ကိစ္စတွေကို YDF-Htilin ရုံးကိုသာ ချိတ်ဆက်ဆောင်ရွက်ပေးကြဖို့ YDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။