ယူဂန်ဒါနိုင်ငံမှာ မိုးကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွား

Photo- AP

 

ယူဂန်ဒါနိုင်ငံ အနောက်ပိုင်းရှိ Kasese ခရိုင်မှာ စက်တင်ဘာ ၈ရက်နေ့ ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်တနေ့ စက်တင်ဘာ ၉ရက် အစောပိုင်းမှာတာ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ဦး သေဆုံးခဲ့တယ်လို့  ယူဂန်ဒါ ကြက်ခြေနီအဖွဲ့က တွစ်တာမှာ ဖော်ပြထားပါတယ်။

ဆယ်ယူထားတဲ့ အလောင်းတွေထဲမှာ အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့  ကြက်ခြေနီအဖွဲ့က ပြောဆိုပါတယ်။ 

 ၆ဦးကတော့ ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်း ဆေးရုံမှာပဲ ကုသမှု ခံယူနေတယ်လို့  ကြက်ခြေနီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Irene Nakasiita က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ Kasese ခရိုင်ဟာ တောင်ခြေမှာ တည်ရှိတာကြောင့် မိုးရာသီမှာ မြေပြိုလေ့ရှိတယ်လို့ သိရပါတယ်။

ကာလရှည်ကြာမိုးခေါင်ပြီးတဲ့နောက် ဇူလိုင်လ နောက်ပိုင်းကစပြီတော့  ယူဂန်ဒါနိုင်ငံရဲ့ နေရာအတော်များများမှာ  မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လူအသေအပျောက်နဲ့ ရေကြီးရေလျှံမှုတာတွေ၊ ကောက်ပဲသီးနှံ ၊ နေအိမ်နဲ့ အခြေခံအဆောက်အအုံ ပျက်ဆီးတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဇူလိုင်လမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့တဲ့အတွက် ယူဂန်ဒါ နိုင်ငံအရှေ့ပိုင်း Mbale ခရိုင်မှာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပါသေးတယ်။

ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ရေကြီးမြေပြိုတာတွေကြောင့် လူ ၃ သိန်း ကျော် ထိခိုက်ခဲ့ရပြီး ခန့်မှန်းခြေ လူ ၆ သောင်းခွဲလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။