မိုးဗြဲမှာ အထိနာတဲ့စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ရှစ်နှစ်အရွယ်ကလေးတဦးသေဆုံး

Photo-Mobye PDF
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တိုက်ပွဲမှာ အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရှစ်နှစ်အရွယ်ကလေးတဦး လက်နက်ကြီး ကျည် ထိမှန်သေဆုံးခဲ့တယ်လို့ မိုးဗြဲPDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲပထမနေ့ ညနေပိုင်းမှာ စစ်တပ်က ရမ်း သမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်အစတွေ ထိမှန်ခဲ့လို့ ဒဏ်ရာရနေတဲ့ အဲ့ဒီရှစ်နှစ်အရွယ်ကလေးငယ်ဟာ စက်တင်ဘာ ၈ရက်ညပိုင်းမှာသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်ရုပ်ရုပ်အလောင်းကတော့ တိုက်ပွဲပြင်း ထန်တဲ့နေရာမှာ ပိတ်မိနေခဲ့လို့ မနေ့ကမှ ဒေသကာ ကွယ်ရေး တပ်ဖွဲ့တွေက မိသားစုဆီ သယ်ယူပို့​​ဆောင်​ပေးနိုင်ခဲ့တာပါ။
မိုးဗြဲမြို့နယ်အတွင်း အင်အားတရာ ဝန်းကျင် လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို ဒေသခံတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ရာက စက်တင်ဘာ ၈ရက် မနက်ပိုင်းကစတင်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲမှာ နှစ်ရက်အတွင်း စစ်တပ်က (၃၀)ကျော် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ဆိုပါတယ်။
တိုက်ပွဲပထမနေ့ကတည်းက စစ်ကောင်စီဘက်က ၂၀ထက်မနည်းသေဆုံးတဲ့အပြင် လက်နက်ခဲယမ်းအများ အပြားလည်း ဆုံးရှုံးခဲ့လို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ် ခတ်နေခဲ့တာပါ။အဲ့ဒီလို ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးပိုင်းအရပ်သားအမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့တာဖြစ်တယ်လို့ မိုးဗြဲ PDFထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
နှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ရက်လုံး အထိနာနေတဲ့အတွက် စက်တင်ဘာ ၉ရက် ဒီနေ့ ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ခြောက်ကြိမ်လာရောက်ပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်း အဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရသူအချို့သာရှိတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မိုးဗြဲ PDF၊ဖယ်ခုံ PDF၊KNDF၊KA၊ URF၊ နေပြည်တော် PDF၊ KGZ စတဲ့ ဒေသတွင်းကာကွယ်ရေး တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဒီနေ့ညပိုင်းအထိ လက်နက်ကြီးတွေနဲ့ ရမ်း သမ်းပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။