အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တွေ့ဆုံ

ဒီကနေ့ စက်တင်ဘာလ ၇ရက်နေ့ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ စီးပွားရေးဖိုရမ် (EEF) အတွင်း မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ မြန်မာနဲ့ ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမို လေးနက်လာတဲ့ လက္ခဏာတခုပါ။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လတွေက ရုရှားကို အကြိမ်ကြိမ်သွားရောက်ခဲ့ပေမယ့် အခုအခါမှာသာ သမ္မတ ပူတင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦး ဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးက အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်တယ်လို့ သမ္မတပူတင်ကပြောခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန RIA က ဖော်ပြပါတယ်။
သမ္မတပူတင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်တဲ့တွေ့ဆုံခဲ့တဲ့ ဒုတိယမြောက် ပြည်ပခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားစွမ်းအင်စက်ရုံတခု ကူညီ တည်ဆောက်ပေးနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင်ကော်ပိုရေရှင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရုရှား – မြန်မာ လေယောဉ်တိုက်ရိုက်ပြေးဆွဲဖို့ စီစဉ်နေတယ်လို့လည်း ရုရှားသမ္မတ အိမ်တော်ဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။