ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာ ကာရာအိုကေဘားတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
စက်တင်ဘာ ၆ရက် ညက အဆောက်အအုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်ကို မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး လှေကားထစ်တွေမှာ မီးခိုးတွေနဲ့ ပြည့်နေတာကြောင့် ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေလည်း ပိတ်မိနေခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မီးလောင်ချိန်မှာ လူတွေဟာ လသာဆောင်ပေါ်ကို တိုးကြိတ်ပြေးတက်ခဲ့ကြပြီး တချို့သူတွေကလည်း အဆောက်အအုံကနေ ခုန်ချခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
မီးလောင်မှုက ဟိုချီမင်းမြို့ မြောက်ဘက် လူစည်ကားတဲ့ ရပ်ကွက် ဘားတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက ကရိန်းတွေနဲ့ မီးသတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။
မီးလောင်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို အတည်ပြု ပြောဆိုထားပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံး ဒါဏ်ရာရတဲ့သူတွေကို ရှာဖွေဆဲပါ၊ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေတယ်” လို့ Thuan An မြို့ရဲ့ အာဏာရကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ Nguyen Thanh Tam က ပြောဆိုပါတယ်။
အခုမီးလောင်မှုက ဟိုချီမင်း မြို့ရဲ့တိုက်ခန်းတစ်ခု မီးလောင်ခဲ့ပြီး လူ ၁၃ ဦးသေဆုံးခဲ့ရတဲ့ ၂၀၁၈ နောက်ပိုင်း ဗီယက်နမ်မှာ အသေအပျောက်အများဆုံး မီးလောင်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း မြို့တော်ဟနွိုင်းမှာရှိတဲ့ ကာရာအိုကေဘားတစ်ခုကို မီးငြှိမ်းသတ်ဖို့ ကြိုးစားရင်း မီးသတ်သမား သုံးဦး သေဆုံးခဲ့ရပါတယ်။