ရွှေပြည်သာ၊ (၉)ရပ်ကွက်ထွေအုပ်ရုံး ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦး သေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ညပိုင်းမှာ အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်သမားတွေက စက်တင်ဘာ (၆)ရက်ည၇နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့်ပန်းခြံ (၄)ရာအိမ်မှူး ဦးအောင်ထူးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“နောက်ထပ်နှစ်ယောက်လောက်လည်း ထိတယ် ပြောတယ်၊အခုဆေးရုံမှာ၊အဲ့ဒါပြီးတော့စစ်ကားတွေနဲ့ ရောက်ပြီး စစ်တာတော့ရှိတာပေါ့ ၊တချို့အဲ့ဒီအနီးအနားလူတွေတောင် စစ်ဆေးခံကြရသေးတယ်” လို့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးချိန်မှာ စစ်ကားနှစ်စီးရောက်လာပြီး အခင်းဖြစ်တဲ့ရုံးအနီးနဲ့ အမှတ် (၇)ကျောင်းရှေ့မှာ ပိတ်ဆို့စစ်ဆေးခဲ့ပြီး ဒေသခံတချို့ကို ဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေပြည်သာ)နဲ့Yangon Urban Guerrilla Army (YUGA-MO 7 Eagles)ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့က ပစ်ခတ်မှုအပြီး နာရီပိုင်းအကြာမှာ သတင်းထုတ်ပြန်ပါတယ်။