ရန်ကုန်မှာ ခိုးမှု၊လုယက်ခံရမှုတွေဆက်တိုက်ဖြစ်နေလို့ မြို့ခံတွေ စိုးရိမ်မှုမြင့်တက်

Photo – CJ

ရန်ကုန်တိုင်းအတွင်းမှာ မြို့လည်ခေါင် လူစည်ကားရာနေရာတွေအပါအဝင် နေရာစုံမှာ ခိုးမှုနဲ့လုယက်မှုတွေ ဆက်တိုက်ဆိုသလို ကျူးလွန်ခံနေရတာကြောင့် စိုးရိမ်စိတ်နဲ့ သတိထားနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“နေရမှာ​တောင်ကြောက်လာပြီ၊ မလုံခြုံတော့ဘူး၊ နေ့ဘက်ဆိုရင် အုပ်စုဖွဲ့ပြီးလုတယ်၊ ညဘက်ဆိုပိုဆိုး၊ ရဲသွားတိုင်တော့လဲ အမှုဖွင့်ရုံကလွဲပြီး ကြပ်ကြပ်မှတ်မှတ် ဖမ်းတာဆီးတာမရှိဘူး၊ ကြာလာတော့ တကယ်ကို ကြောက်လာပြီ”လို့ ရွှေပြည်သာမြို့နယ် သံဒင်း (၁၉) ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။

လူနေရပ်ကွက်တွေထဲမှာ ခိုးမှု၊လုယက်မှုတွေ များလာသလို မြို့တွင်း လူစည်ကားရာနေရာတွေ၊ ဘတ်စ်ကားတွေပေါ်မှာ လုယက်မှုနဲ့ ခါးပိုက်နှိုက်အန္တရာယ်ကိုလည်း အရင်ကထက် ပိုသတိထားလာရတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

“ခိုးမှု၊ လုယက်မှု၊ ဓားပြမှုတွေက မြို့လည်ခေါင်မှာတောင်မှ ပေါ်တင်ကျူးလွန်လာနေကြတာ၊ ကျွန်တော်ဖြစ်တာဆိုရင် ၆၅ ကားပေါ်မှာ မနက်ပိုင်း အလုပ်သွားတဲ့အချိန် ခြောက်ထပ်ကြီးနားမှာ ဖုန်းအနှိုက်ခံတယ်၊ လူကလည်းကြပ်တော့သူတို့လူအုပ်စုညှပ်ပြီး လုပ်သွားတာ၊ ဆင်းတော့ လည်ပင်းကိုလည်း တစ်ခုခုနဲ့ခြစ်သွားသေးတယ်” လို့ လုယက်ခံခဲ့ရသူ ကိုထင်လင်းအောင်က ပြောပါတယ်။

အခုလို လူအုပ်စုနဲ့ခရီးသည်တင်ယာဥ်ပေါ်မှာ လုယက်ခံရတာကို အနီးကခရီးသွားပြည်သူတွေအနေနဲ့ မြင်ပေမယ့် လည်း ဝင်ရောက်တားဆီးတာ၊ ဝိုင်းဝန်းဖမ်းဆီးတာတွေ မလုပ်ရဲကြဘူးလို့ သူကဆိုပါတယ်။

ရန်ကုန်မြို့က လူစည်ကားရာနေရာတခုဖြစ်တဲ့ လှည်းတန်းမှာ ခါးပိုက်နှိုက်ကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ ဆိုက်က္ကားဆရာ တဦး နေ့လည်ကောင် လူမြင်ကွင်းမှာပဲ အုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် အခုနှစ်မေလအတွင်းက ရှိခဲ့ပါတယ်။

အဲ့ဒီလိုကိစ္စတွေအပြင် ရန်ကုန်မြို့က အိမ်စီးကားနဲ့ တက္ကစီမောင်းနှင်တွေသူတွေအနေနဲ့လည်း မီးပွိုင့်တွေမှာ မီးနီမိနေချိန် အလစ်အငိုက် လုယက်တိုက်ခိုက်ခံရတဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက်မှာ မကြာမကြာခဏ ရေးသားမျှဝေကြတာ ရှိပါတယ်။

ဒါ့အပြင် ရွှေပြည်သာ မြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်းအတွင်းလုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ထဲမှာ စက်တင်ဘာ (၅) ရက် ညနေပိုင်းက လစာလာထုတ်တဲ့ လူငယ်တစ်ဦးကို ဆိုင်ကယ်နဲ့လူလေးဦးက ဝိုင်းဝန်းလုယက်ခဲ့တဲ့အပြင် မျက်နှာကို ဓားနဲ့ခြစ်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်း စက်တင်ဘာ (၂) ရက်နဲ့ (၃) ရက်တွေမှာ ရပ်ကွက်အတွင်း သူခိုင်းဝင်လို့ ရပ်ကွက်နေတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။အဲ့ဒီနောက်ဖမ်းမိသူတွေကတဆင့် ခိုးရာပါပစ္စည်း ဝယ်ယူသူတွေကိုပါ ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးလို့ အငှားယာဥ်နဲ့ရောက်ရှိလာသူ သုံးဦးကို ဆက်ပြီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ခိုးမှု၊ လုယက်မှုတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရင်ကတည်းက ဖြစ်လေ့ရှိပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရင်ကထက် ပိုဆိုးလာလို့စိုးရိမ်နေကြရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ခိုးမှု၊ လုယက်မှုနဲ့ ခါးပိုက်နှိုက်မှုတွေအပြင် ပြန်ပေးဆွဲ ငွေတောင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲ လူသတ်မှုတခုကို DNA က အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီပြန်ပေးဆွဲမှုမှာ အသက် ၂၀ကျော်အရွယ် လူငယ်တဦး သတ်ဖြတ်ခံခဲ့ရတာပါ။