ရန်ကုန်မှာ YUA အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှု ၄၇ ကြိမ်ပြုလုပ်ခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အုပ်ချုပ်ခွင့်မရစေဖို့နဲ့ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ Yangon UG Association (YUA)အနေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုစုစုပေါင်း ၄၇ ကြိမ်လုပ်ခဲ့ တယ်လို့ အဲ့ဒီအဖွဲ့ပြန်ကြားရေး တာဝန်ခံ ဆရာကျောင်းကပြောပါတယ်။

YUA အနေနဲ့ အဖွဲ့စတင်တည်ထောင်ချိန်ကနေ လက်ရှိအချိန်အထိ ခြောက်လလောက်အတွင်း ဖောက်ခွဲတိုက်ခိုက်မှု (၄၇) ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ သူကဆိုပါတယ်။

“အဲ့ဒါက စီစစ်နေတုန်းပါဗျ၊အတိအကျ မဟုတ်ပေမယ့် သိရသလောက်ဆိုရင် စစ်ကောင်စီသတင်းပေး လေးဦး သေဆုံးပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ၁၂ ဦး ဆိုတာပဲခုထိ သိရပါသေးတယ်” လို့ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

YUA အဖွဲ့ရဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေထဲက (၃၂) ကြိမ်ဟာ အောင်မြင်ခဲ့ပြီး mission ဖျက်သိမ်းခဲ့ရတာ ခြောက်ကြိမ်နဲ့ နည်းပညာချို့ယွင်းချက်ကြောင့် မအောင်မြင်ခဲ့တာ ကိုးကြိမ်ရှိတယ်လို့လည်း ဆိုပါတယ်။

အောင်မြင်တဲ့ တိုက်ခိုက်မှုတွေလို့ အဲ့ဒီအဖွဲ့က ရည်ညွှန်းတဲ့ ဖြစ်စဉ်တွေထဲမှာ သာကေတ ရှုခင်းသာပတ်လမ်းပေါ်က ရေတပ်ဝန်းဂိတ် ပေါက်ကွဲတာ၊ သုံးခွမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တာ စတဲ့လူသိများတဲ့ ဖြစ်စဉ်တွေပါသလို စစ်ကောင်စီသတင်းပေးဆိုသူတွေနေအိမ်ရှေ့ ဖောက်ခွဲတိုက်ခိုက်မှုတချို့လည်း ပါဝင်ပါတယ်။

“မအောင်မြင်တာကတော့ အများစုက နည်းပညာပိုင်း အဆင်မပြေတာကြောင့်ပါ၊ ဖျက်သိမ်းခဲ့တာတွေကတော့ မြေပြင်ကိုထောက်လှမ်းထားပေမဲ့ အဲ့ဒီအချိန်ရောက်မှ အချိန်ကိုက် ပြည်သူထိခိုက်မှုရှိနိုင်လို့ နောက်ဆုတ်လိုက်ရ တာ တွေပါ” လို့ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းကဆိုပါတယ်။

တိုက်ခိုက်မှု ဖျက်သိမ်းခဲ့ရတာကတော့ ဒေါပုံတရားရုံး ၊ ကြည့်မြင်တိုင်တရားရုံး ၊ သန်လျင်ရဲစခန်း ၊ မြောက်ဥက္ကလာ လမ်းဆုံ ၊ တောင်ဒဂုံ ၂၆ နဲ့ သန်လျင် ၁၈ကုန်း ဂိတ်တွေကို ဖောက်ခွဲတိုက်ခိုက်မှု တွေဖြစ်တယ်လို့ သိရပါ တယ်။

နည်းပညာအခက်အခဲကြောင့်မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအနေနဲ့ကတော့ လှိုင်သာယာ ၂ခု ၊ ဒေါပုံ ၊ သာကေတ ၃ခု ၊ တောင်ဒဂုံ တစ်ခု ၊ ကြည်မြင်တိုင် နဲ့ ကျောက်တန်းမြို့တွေမှာ ဖြစ်တယ်လို့ YUAအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းကပြောပါတယ်။

Yangon UG Association အဖွဲ့ကို ရန်ကုန်တိုင်းအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ ၁၄ဖွဲ့နဲ့အခုနှစ် မေ လဆန်း မှာ စတင်တည်ထောင်တယ်လို့ကြေညာခဲ့တာပါ။ YUA အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ ဖောက်ခွဲတိုက် ခိုက်မှုတွေကို ဖော်ပြရာ မှာတော့အခုနှစ် မတ်လအတွင်း တိုက်ခိုက်မှုတွေကစတင်ပြီး ထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်။