အခြေခံစားသောက်ကုန်စျေးနှုန်းတွေဆက်လက်မြင့်တက်လာနေတာကြောင့် စားဝတ်နေရေးမှ ာအခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာနေပြီလို့ ရန်ကုန်မြို့နေ ပြည်သူတွေကDNA ကို ပြောပါတယ်။
“ဆိုက်က္ကားဆိုတာ ဆီထည့်မောင်းရတာမဟုတ်တော့ စီးတဲ့ပါစင်ဂျာကလည်း အရင်ကစျေးနှုန်း အတိုင်းပဲပေးတယ်၊ အခုကလည်း လူတွေကလည်း သိပ်မစီးတော့ ရတဲ့ပိုက်ဆံကနဲတယ်၊ လက်ရှိတက်နေတဲ့ကုန်စျေးနှုန်းနဲ့ ရတဲ့ပိုက်ဆံက မမျှတော့ ကြာရင်ငတ်ဖို့ပဲရှိတော့တယ်” လို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပြေးဆွဲနေတဲ့ အနှေးယာဥ်လုပ်သားတစ်ဦးဖြစ်သူ ကိုခင်မောင်ဝင်းက ပြောပါတယ်။
အရင်က အနှေးယာဥ်လုပ်သားတစ်ဦးရဲ့ ဝင်ငွေဟာ တစ်နေ့တစ်သောင်း ကျော်လောက်ရှိပြီး ကုန်စျေးနှုန်းကလည်းတည်ငြိမ်တာကြောင့် ရရှိတဲ့ဝင်ငွေနဲ့ အဆင်ပြေပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ကုန်စျေးနှုန်းမြင့်တက်လာတာ၊ ဝင်ငွေနဲပါးတာတွေကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်တဲ့အထိ ဖြစ်လာနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကဝန်ထမ်းတွေအနေနဲ့လည်း ကုန်စျေးနှုန်းတွေသာ တစ်နေ့တခြားမြင့်တက်လာပေမယ့် စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေက လုပ်ခလစာ တိုးမြင့်ပေးတာမရှိတာလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ဆိုရင် အဆောင်ငှားနေရတာ၊ အဆောင်ငှားခတွေကလည်း အခုဆိုစျေးတက်ပြီ၊ အဲ့တော့ ကျွန်မတို့ဆိုရင် စားရေးထက်နေရေးက အဓိကကျနေတော့ တော်တော်လေးခက်ခဲလာတယ်၊ ဘယ်လောက်အထိ ခက်ခဲလာလဲဆိုရင် တချို့ရက်တွေ ထမင်းချိုင့်ထည့်ဖို့တောင် ပိုက်ဆံမရှိတဲ့အထိပါဖြစ်လာတယ်” လို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းက မုန့်စက်ရုံ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကုန်စည်တွေက နေ့စဉ်ဈေးနှုန်းမြင့်တက်နေတာကြောင့် စျေးရောင်းချသူတွေအနေနဲ့လည်း ရောင်းရငွေကို ပြန်လည်ရင်းနှီးလို့မရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သီရီမင်္ဂလာစျေးသစ်က ကုန်မျိုးစုံအရောင်း ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ကြက်သွန်ပဲပြောပြမယ်၊ ကျွန်တော်တို့ အချိန်တစ်ဆယ်တစ်အိတ်ကို သုံးသောင်းခွဲစျေးနဲ့ဖြတ်တယ်၊ လေးသောင်းစျေးနဲ့ရောင်းတယ်၊ ပြန်ရင်းတဲ့အခါ လေးသောင်းခွဲစျေးဖြစ်တယ်၊ အဲ့တော့ဘယ်လိုဖြစ်လဲဆိုရင် လုပ်ငန်းအားလုံးကလုံးပါးပါးနေပြီ” လို့ လို့သူကဆိုပါတယ်။
လက်ရှိပြည်တွင်း ဆန်စျေးနှုန်းတွေအရ ရွှေဘိုပေါ်ဆန်းမွှေးအိုးဝင်ရှယ် (AAA) တစ်အိတ် ၉၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးထူးထူးရှယ် တစ်အိတ် ၈၇၀၀၀ ကျပ်၊ ဧရာဝတီရွှေဘိုပေါ်ဆန်းမွှေး (ထူးထူးရှယ်) တစ်အိတ် ၇၈၀၀၀ ကျပ်အထိ ရှိတယ်လို့သိရပါတယ်။
မရှိမဖြစ် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားအုန်းဆီတစ်ပိဿာ အရင်က ၈၆၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်၊ အချိုမှုန့်တစ်ပိဿာ ၇၀၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို ၃၈၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်၊ ကြက်သွန်အနီကြော်တစ်ပိဿာကို ၈၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်အထိ စျေနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် အသားငါးတွေကလည်း ကြက်သားတစ်ပိဿာ ၆၀၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၉၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်၊ ငါးမြစ်ခြင်းတစ်ပိဿာ ၂၇၀၀ ကနေ ၄၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
တခြားအခြေခံစားသောက်ကုန်ပစ္စည်းတွေဟာလည်း စျေးနှုန်းမြင့်တက်နေတယ်လို့ စျေးရောင်းချသူတွေထံက သိရပါတယ်။ အခုလို ကုန်ဈေးနှုန်းတွေ အဖက်ဖက်က မြင့်တက်နေတဲ့အပြင် လက်ရှိမှာလည်း မတည်ငြိမ်သေးဘဲ တက်ရိပ်ဆက်ပြနေဆဲဖြစ်နေတယ်လို့ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဒိုင်တွေက ဆိုပါတယ်။