ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ UN Prove Your Existence for Justice စာသား ချိတ်ဆွဲဆန္ဒပြ

ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက
UN Prove Your Existence for Justice စာသား ချိတ်ဆွဲဆန္ဒပြခဲ့ကြတယ်လို့ အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
ကုလသမဂ္ဂနဲ့နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့ကို ကူညီဖို့ပျက်ကွက်နေခဲ့ရင်တောင်မှ ကျွန်တော်တို့မြန်မာပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့အသံကိုထုတ်ဖော်မယ့် ဦးကျော်မိုးထွန်းကတော့ ကမ္ဘာကုလသမဂ္ဂမှာ ဆက်ရှိဖို့ လိုတယ်” လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်မှာ မြန်မာပြည်သူတွေ ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့နှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့ ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ UN Prove Your Exsitence for Justice စာသားကို ချိတ်ဆွဲခဲ့ကြတာပါ။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေ ဘာတွေဖြစ်နေတယ် ၊ဘယ်လို တိုက်ပွဲ၀င်နေတယ် ၊ ဘာတွေ ဖိနှိပ်ခံရပြီး အကြမ်းဖက်မှုတွေ ခံနေရတယ် ဆိုတာကို ကမ္ဘာ့စင်မြင့်ထက်မှာ တစ်ဦးတည်းသော ထုတ်ဖော်ပေးနိုင်မယ့် ကိုယ်စားလှယ်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒကို လေးစားဖို့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြဖို့ မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အလေးအနက်တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။