စစ်တပ်က လယ်ဇင်မှာ ရွာသားတွေကို ဖမ်းပြီး ရွာထဲကပစ္စည်းတွေကို လုယက်

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ (၂)ရက်နေ့က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်က လယ်ဇင်ရွာကို ဝင်ရောက်ခဲ့ပြီး သူတို့ပြန်ထွက်သွားချိန်မှာ ရွာသားတွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေအပြင် ၊ ကားတွေ ၊ ရွှေတွေကိုပါ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
“တချို့အိမ်တွေက ရွှေတိုရွှေစတွေပါသွားတာပါ။ ဖုန်းတွေဆိုရင်ဗျာ တွေ့သမျှဖုန်းအကုန်ယူတယ်။ ကျွန်တော်တို့အိမ်ကတော့ ပိုက်ဆံအနည်းအကျဉ်းပဲ ပါသွားတယ်။အမျိုးမကင်းတဲ့တအိမ်ကဆို ရွှေတောင်မှ ခြောက်ကျပ်သားလောက်ပါသွားတယ်ပြောတယ်။ အဲ့ဒီအဒေါ်ကြီးဆိုရင် တောထဲမှာ ရှောင်ရင်းနဲ့ အဲ့သတင်းကြားတော့ တက်သွားတယ်လို့တောင်ကြားတယ်ဗျ” လို့ ပြောပါတယ်။ စစ်တပ်ဟာ လယ်ဇင်ရွာကို ဝင်ရောက်လာချိန်မှာ အရပ်ဝတ်တချို့ကိုလည်း ခေါ်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဝင်ရောက်လာချိန် အခြေအနေနဲ့ ပတ်သက်ပြီး“ဝင်လာတော့ ရှောင်တဲ့သူတွေကလည်းရှောင်တာပေါ့ ရွာထဲတပ်စွဲမယ်မထင်လို့ ခါတိုင်းလို ဆိုင်ရာနေရာကိုသွားပြီးတော့ ပြန်မယ်ထင်လို့ မရှောင်တဲ့သူကလည်း မရှောင်ဘူး” လို့ ရွာသားတဦးက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ရွာထဲမှာ ပြည်သူပိုင်နေအိမ်အများစုကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို ၊ အလှူအတန်းပြုလုပ်ဖို့ ရည်ရွယ်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ပစ္စည်းတွေအပြင် ရွာထဲက ကားနှစ်စီးကိုလည်း ယူသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
“အိမ်ကိုလူရှိလားလို့မေးပြီး သော့ခတ်ထားတဲ့ခြံဝင်းတံခါးကိုဖျက်ဝင်တယ်ဗျ၊ အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယတွေ အကုန်ထုရိုက်ဖျက်ဆီးပစ်တာပေါ့၊ လူရှိတဲ့အိမ်ဆို လူကိုခေါ်သွားတယ်၊ လူမရှိတဲ့အိမ်ဆိုလုပ်ချင်ရာလုပ် ရှာချင်ရာရှာ ပိုက်ဆံတွေဘာတွေ အကုန်ကိုယူတယ်၊ မဝင်တဲ့အိမ်က ခပ်နည်းနည်းဗျ၊ ဝင်တဲ့အိမ်ကများတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာထဲက အိမ်တွေကိုမွှေနှောက်ရှာဖွေရင်း ရွာထဲမှာ တွေ့တဲ့သူတွေကို ရွာဘုရားဆီသို့ခေါ်ဆောင်သွားခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် (၁၈) နှစ်ကနေ (၄၀) အတွင်းက တချို့ကိုတော့ သူတို့နဲ့အတူ ခေါ်ပြီး စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ရွာကပြန်ထွက်သွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့လ ဩဂုတ် (၂၆ )ရက်နေ့ကလည်း လယ်ဇင်ရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာအဝင်မှာ ရွာသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သလို သူတို့ဖမ်းခေါ်လာတဲ့ အရပ်သားနှစ်ဦးကိုလည်း စာသင်ကျောင်းထဲမှာ မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။