ကွမ်းသီးငုံ ရက်(၄၀)

(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)

ဘဲဥပုံစားပွဲအရှည် ခင်းကျင်းထားသော အစည်းအဝေးခန်းတစ်ခုအတွင်းသို့ ဇော်မဲလုံး ခပ်သုတ်သုတ်ဝင်လာသည်။

ထိုဘဲဥပုံစားပွဲထိပ်၌ မတ်တပ်ရပ်နေသည်လား၊ ထိုင်နေသည်လား မသဲကွဲသော လူပုတိုတိုတစ်ဦးရှိနေသည်။ ခေါင်းငိုက်စိုက်ချကာ ထိုင်နေ (သို့မဟုတ်) ထနေလေသည်။

ထိုသူ၏ ရှေ့ရောက်သည်နှင့် ဇော်မဲလုံးက ညာလက်ကိုအပေါ်မြှောက်ကာ အလေးပြုလိုက်သည်။ ထို့နောက်

“အဘ ကျွန်တော်တို့ အခြေအနေ သိပ်မကောင်းဘူး”

ထိုင်နေ (သို့မဟုတ်) ထနေသူ လူပုတိုက ထိုအခါမှ မျက်နှာကို မော့ကာ ဇော်မဲလုံးအားကြည့်ရင်း လေးတွဲ့သော စကားများကို ဆိုသည်။

“ဘယ်တုန်းကရော ကောင်းခဲ့ဖူးလို့လဲ”

မျက်နှာမော့လာမှ မည်သူဆိုသည်ကို သိလိုက်ရသည်။ မျက်တွင်းဟောက်ပက်၊ ရွဲ့စောင်းနေသောပါးစပ်၊ ယိုယွင်း ပုတ်သိုးနေသော မျက်နှာပိုင်ရှင်၊ ၂၀၂၁ ၏ သမိုင်းတရားခံအသစ်ကြီး၊ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်)ကြီး ဗိုလ်ချုပ်မှူးကြီးမအလပေကိုး။

“အခုက ပိုမကောင်းတော့တာ အဘ။ ကျွန်တော်တို့ အတွင်းစည်းထဲမှာကို ပြဿနာတွေက တစ်နေ့ထက် တစ်နေ့ ရှင်းလို့ကို မနိုင်တော့ဘူး။ အခုပဲ သတင်းတစ်ခု ထပ်ဝင်လာသေးတယ်”

“ဘာသတင်းများလဲ။ မြန်မြန်သာပြောပါ။ ငါ့အတွက် စိတ်မပူပါနဲ့ ကျင့်သားရနေပါပြီ”

သတ်ချုပ်မအလ၏ စကားဆုံးသည်နှင့် ဇော်မဲလုံးက ခပ်မြန်မြန်ပင် သတင်းပို့လိုက်သည်။

“မနေ့ညက သန်လျင်မှာ အဘတပည့်တွေ အချင်းချင်းပစ်ကြလို့ ဗိုလ်ကြီးတစ်ယောက်အပါ စုစုပေါင်း ကိုးယောက် ကိစ္စလျှောသွားတယ် အဘ”

“ငါ့အမျိုးတွေပါလား”

ဗိုလ်ချုပ်မှူးကြီးမအလစကားကြောင့် ဇော်မဲလုံး ခေတ္တမျှ ဆွံ့အတွေဝေသွားသည်။

“မ…မပါပါဘူး အဘ”

“အေး အဲဒါဆို ကိစ္စမရှိဘူး။ နေ့တိုင်း သေနေကြတာပဲဟာ ဒါထူးတော့တာမှမဟုတ်တာ။ သူများပဲ သတ်သတ်။ အချင်းချင်းပဲ သတ်သတ် သေနေကြတာပဲ မဟုတ်လား။ ထူးပြီး မခံစားတော့ပါဘူး။ အဓိက ငါ့အမျိုးတွေ မပါဖို့ပဲ။ သူတို့ကိုတော့ လုံခြုံရေး သေချာပေးထားတယ်မဟုတ်လား။ မင်းရော ပြန်မကြားရေးဝန်ကြီးဌာနမှာ နေရတာ လုံလုံခြုံခြုံရှိရဲ့လား။ အပြင်တွေတော့ သိပ်မထွက်နဲ့”

“ဟုတ်ကဲ့ပါ အဘ။ ဒါနဲ့ အစည်းအဝေးခန်းမှာ ကောင်စီဝင်တွေလည်း တစ်ယောက်မှ မတွေ့ပါလား”

“အိမ်း သူတို့ ဒေါ်လာအရှာထွက်နေကြတယ်။ ငါတောင် ပူတာအို မသွားရဲလို့ ဒီထဲရှိနေတာ”

“ဟုတ် အဘ။ ကျွန်တော့်ကို ခေါ်တဲ့အကြောင်းက ဘာများလဲ အဘ”

ဇော်မဲလုံး၏စကား ဆုံးသည်နှင့် မေးစိကို လက်ဖြင့်ပွတ်လျက် ဗိုလ်ချုပ်မှူးကြီးမအလ စကားဆိုသည်။

“ဒီလိုကွ။ တစ်နေ့က ဓာတ်ခဲလက်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ စခန်း အသိမ်းခံလိုက်ရတယ် မဟုတ် လား။ ‘မျက်ရည်များနဲ့ရေးဖွဲ့သည်’ဆိုတဲ့ Post ကို Facebook မှာ ဗိုလ်ကြီးတစ်ယောက်တောင် တင်ထားသေး တယ်လေ။ ငါအခုပဲ အဲ့ Post ကို ဖတ်နေတာ။ မင်းလည်း ဖတ်ရတယ် မဟုတ်လား။ အဲဒီ နယ်ခြားစောင့်စခန်းကို ရက်(၄၀)ကျော် တောင့်ခံခဲ့ရသတဲ့ကွ”

“ဟုတ်ကဲ့ပါ အဘ။ ‘စစ်ကူနဲ့ ရိက္ခာလုံးဝရောက်မလာခဲ့တဲ့ လပ်တီး’ လို့လည်း အဲ့စာထဲမှာပဲ မချိတင်ကဲ ရေးခဲ့သေး တယ်လေ”

“အေး … “ဇွန်လ ဒုတိယပတ်ကနေစလာတဲ့ တိုက်ပွဲကြောင့် အထိုင်ချထားတဲ့ ငါတို့စခန်းတွေ မိုင်တိုင် ၅၀ ကနေ ၄၀ အနားထိ အကုန်ဆုတ်ပေးခဲ့ရတယ်လို့လည်း ဆိုထားသေးတယ်”

“ဟုတ်ကဲ့ပါ အဘ”

“အေး အဲတော့ ငါ့ကို ကာကွယ်ပေးနေတဲ့ ငါ့လူတွေ စိတ်ဓာတ်မကျဖို့။ ငါ့သိက္ခာအဖက်ဆယ်ဖို့ လိုတယ် မဟုတ် လား။ ဒီအတွက် စဉ်းစားမိတာတစ်ခုရှိလို့ မင်းကို ခေါ်တိုင်ပင်တာ”

“ဟုတ်ကဲ့ပါ အဘ”

“အခု ငါစဉ်းစားထားတာက ဒီလို။ ငါ့လူတွေလည်း ကြောက်ဒူးမတုန်အောင်၊ စိတ်ဓာတ်တွေ ဝေဝါးပြီး တစ်ဖက်ကို ခုန်ကူးချင်စိတ်မပေါက်အောင်၊ ငါ့သိက္ခာကိုလည်း ဆယ်ပြီးဖြစ်အောင် တစ်ချိန်တုန်းကလို ပေါ်လစီဇာတ်ကား တစ်ကားလောက် ရိုက်လိုက်ရ ကောင်းမလားလို့ပါ”

“ဘယ်လိုဇာတ်ကားပါလိမ့် အဘ”

ဗိုလ်ချုပ်မှူးကြီးမအလ မေးစိကို တစ်ချက်ပွတ်ကာ စကားဆက်သည်။

“ကွမ်းလုံ ရက်(၄၀) ဆိုတဲ့ ဇာတ်ကား ရှိတယ်မဟုတ်လား။ အခုက အဲဒီ့ဇာတ်ကားလိုပဲ တစ်ကားလောက် ရိုက်မ လားလို့”

“ဟာ အဘကလည်း နောက်ရော့မယ်။ အဘလက်ထက်မှာ ဘယ်စခန်းများ သိမ်းဖူး၊ ဘယ်တိုက်ပွဲများ နိုင်ဖူးလို့လဲ။ အခု မိုင်(၄၀) စခန်းကလည်း အသိမ်းခံလိုက်ရတာနော်။ ကိုယ်က တက်သိမ်းလိုက်နိုင်တာမဟုတ်ဘူးရယ်ဗျ”

“တယ်လေ…ငါလုပ်လိုက်ရ မကောင်းရှိရော့မယ်။ စကားကို ဆုံးအောင်နားထောင်။ အတွန့်မတက်နဲ့။

ဗိုလ်ချုပ်မှူးကြီးမအလ၏ မာန်မဲသံကြောင့် ဇော်မဲလုံး ဇာတ်ပုကာသွား၏။ အသားများပင် ပိုမည်းသွားတော့သည်။

“အဲဒါကြောင့် အခုဇာတ်ကားနာမည်ကိုတောင် ‘ကွမ်းသီးငုံ ရက်(၄၀)’လို့ ပေးထားတယ်”

“အဲဒါ ဘာအဓိပ္ပာယ်လဲ အဘ”

“ဟ မင်းကလည်း တုံးပြန်ပါပကော။ တစ်ခုခုနာကျင်ခံစားရတဲ့အခါမှာ ပါးစပ်ထဲ ပစ္စည်းတစ်ခုခုထည့် အံကြိတ်ခံ ကြတာမျိုးတွေ ရှိတယ်မဟုတ်လား။ အေး အခုလည်း ငါ့လူတွေက မိုင်(၄၀) တိုက်ပွဲမှာ ရက်(၄၀) ကျော်ကြာအောင် ဘာစစ်ကူမှမရဘဲ အံကြိတ်ခုခံသွားတယ်ဆိုတာကို ပေါ်လွင်ချင်လို့ ကွမ်းသီးငုံခိုင်းရတာပေါ့ဟ”

“သြော် သဘောပေါက်ပါပြီ အဘ။ အဲဒါဆို ကျွန်တော်တို့ဘက်က ဘာစစ်ကူမှ မပေးနိုင်တာ၊ ရက်(၄၀) ကျော်ကြာ ပစ်ထားခဲ့တာတွေပါ ထည့်ရိုက်သွားရမှာပေါ့နော်။ ဖြစ်ရပ်မှန်ဆိုတော့လေ။ ဟိုဗိုလ်ကြီးလည်း ပြောထားတာဆို တော့လေ”

ဇော်မဲလုံးစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ခွေလျက်သားလဲကျသွားတော့သည်။ အကြောင်းမူကား ဗိုလ်ချုပ်မှူး ကြီးမအလ၏ စောင့်ကန်ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

“ငါ့အနားနေပြီး ဒီလောက်တုံးရသလားဟ။ စိတ်ဓာတ်တက်ကြွအောင်ရိုက်ပါမယ်ဆိုတာကို ဖြစ်ရပ်မှန်လေး ဘာလေး လာလုပ်နေသေးတယ်”

“အဘနား နီးလို့ပါ အဘ”

ဇော်မဲလုံးစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ဒုတိယမ္ပိခွေကျသွားပြန်သည်။ အကြောင်းမူကား ဗိုလ်ချုပ်မှူးကြီး မအလ၏ ဒုတိယမ္ပိစောင့်ကန်ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

“သွား အခုချက်ချင်း ကွမ်းလုံ ရက်(၄၀) ရိုက်ခဲ့တဲ့ ပန်းချီစိုးမိုးကိုသွားခေါ်ချေ။ ငါ့ရဲ့ ကွမ်းသီးငုံ ရက်(၄၀)ကို သူ့လက်ထဲ အပ်ချင်လို့”

“ဟုတ်ကဲ့ အဘ။ ဒါနဲ့ ကွမ်းလုံ ရက်(၄၀) ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇင်ဝိုင်းနဲ့ သူ့သား မင်းမော်ကွန်းကိုရော ခေါ်ခဲ့ရမလား…လား…လား”

ဒီတစ်ခါတော့ ဇော်မဲလုံးစကားပင် မဆုံးလိုက် ကြမ်းပြင်ပေါ် တတိယမ္ပိခွေကျသွားသည်။ အကြောင်းမူကား ဗိုလ်ချုပ်မှူးကြီးမအလ၏ တတိယမ္ပိစောင့်ကန်ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

ကိုရင်နွေဦး