စီးပွားရေးဖိုရမ်တက်ရောက်ဖို့ တရုတ်ထိပ်တန်းလွှတ်တော်အမတ် ရုရှားကို သွားမယ်

Photo – Reuters

ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့မြို့မှာ အခုသီတင်းပတ်ထဲကျင်းပမယ့် ခုနှစ်ကြိမ်မြောက် Eastern Economic Forum စီးပွားရေးဖိုရမ်ကို တရုတ်ထိပ်တန်း လွှတ်တော်အမတ် Li Zhanshu  တက်ရောက်မယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက စက်တင်ဘာလ ၄ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဒါဟာ သမ္မတပူတင်က ယူကရိန်းကို ကျူးကျော်စစ်စတင်တည်းက ရုရှားကို တရုတ်ထိပ်တန်း အရာရှိ တဦး ပထမဆုံးလာရောက်တာလည်း ဖြစ်ပါတယ်။

တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Li Zhanshu ဟာ စက်တင်ဘာလ ၇ရက်ကနေ ၁၇ရက်အထိ ရုရှား၊ မွန်ဂိုလီးယား၊နီပေါနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ 

ရုရှားကိုရောက်ရှိချိန်မှာတော့ Li Zhanshu ဟာ စက်တင်ဘာလ ၅ရက်နေ့ကနေစပြီး ၄ရက်ကြာကျင်းပမယ့် Eastern Economic Forum ကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တရုတ်ကွန်မြူနစ်ပါတီအတွင်း အဆင့် ၃နေရာမှာ ရှိနေတဲ့ Li Zhanshuဟာ လာမယ့်အောက်တိုဘာလမှာတော့ သူ့ပါတီရာထူးကနေ အနားယူမှာ ဖြစ်ပေမယ့် ၂၀၂၂ မတ်လ အထိ လွှတ်တော်အမတ်အဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ 

ရုရှားက အထူးစစ်ဆင်ရေးလို့ ခေါင်းစဉ်တပ်ခဲ့တဲ့ ယူကရိန်းကို ကျူးကျော်စစ်မစတင်မီ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖင် နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ဟာ အကန့်သတ် မရှိတဲ့ မဟာမိတ်တွေလို့ ကြေညာခဲ့ပါတယ်။.