အင်ဒိုနီးရှားရဲ့ပထမဆုံး အမြန်ရထားလမ်းအတွက် တရုတ်နိုင်ငံထုတ် ရထားတွဲတွေ ဂျကာတာကို ရောက်ရှိလာ

Photo – CNA

ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်းအတွက် ပထမဆုံးအသုတ်အနေနဲ့ တရုတ်နိုင်ငံလုပ် မြန်နှုန်းမြင့်ရထားတွဲတွေ ဂျကာတာဆိပ်ကမ်းကို စက်တင်ဘာ ၂ ရက်နေ့မှာ ရောက်ရှိလာပါတယ်။

ရောက်ရှိလာတဲ့ ရထားတွေထဲမှာ ၁၄၂ ကီလိုမီတာ အကွာအဝေးရှိတဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး အမြန်ရထားလမ်းအတွက် လျှပ်စစ်ခရီးသည်တင်ရထားတွဲတွေနဲ့ စစ်ဆေးရေးရထားတစ်စင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

 “ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား ပထမအသုတ် အင်ဒိုနီးရှားကို ရောက်ရှိလာပါပြီ၊ အမြန်ရထားတွေက အရှေ့တောင်အာရှမှာ အမြန်ဆုံးရထားတွေဖြစ်ပြီး အင်ဒိုနီးရှားရဲ့ ပထမဆုံးအမြန်ရထားလမ်းလည်း ဖြစ်တယ်လို့” Kereta Cepat Indonesia-China (KCIC) ရဲ့ ဥက္ကဋ္ဌ ဒါရိုက်တာ Dwiyana Slamet Riyadi က ပြောပါတယ်။

ရထားလမ်းဟာ ဂျကာတာနဲ့ ဘန်ဒေါင်းကို ဆက်သွယ်ထားတာဖြစ်ပြီး ခုဆိုရင် ရထားနဲ့ခရီးသွားတဲ့ကြာချိန်ကို သုံးနာရီကျော်ကနေ မိနစ် ၄၀ ခန့်အထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရထားလမ်းဖောက်လုပ်မှုကတော့ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပြီး လာမယ့်နှစ် ဇွန်လမှာ အဆင်သင့်ဖြစ်ဖို့ စီစဉ်ထားတယ်လို့ KCIC က ပြောဆိုပါတယ်။

ရထားတွေကို တရုတ်နိုင်ငံကနေ အင်ဒိုနီးရှားကို အသုတ် ၄ သုတ်ခွဲပြီး တင်ပို့မှာဖြစ်ပြီး နောက်ဆုံး အသုတ်ကတော့ ၂၀၂၃ – မတ်လမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

“ရထားတွေ ရောက်ရှိလာတာက အင်ဒိုနီးရှားအတွက် သတင်းကောင်းဖြစ်ပါတယ်၊ အင်ဒိုနီးရှားက ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို ပြသနေတယ်” လို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ဒုဝန်ကြီး Kartika Wirjoatmodjo က ပြောပါတယ်။

ရထားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၃၅၀ ဖြစ်ပြီး နေ့စဉ်ခရီးသည် ၃သောင်းလောက် သယ်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။