ဘားအံမြို့မှာ လုယက်မှုနဲ့ ခိုးမှုတွေများလာလို့ ဒေသခံတွေထိတ်လန့်နေ

Photo – CJ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းမှာ လုယက်မှုနဲ့ ခိုးမှုတွေများလာတာကြောင့် စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“အခုလိုလုယက်တာတွေ ဘာတွေရှိနေတော့ တို့ဆေးမိမှာတွေ အလုခံရမှာတွေကြောက်နေရတယ်၊ အပြင်မှာကို တစ်ယောက်ထဲထွက်ရမှာတောင်ကြောက်နေရတယ်”လို့ ဘားအံမြို့မှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းက တခြားဒေသတွေလိုပဲ ဘားအံမြို့မှာလည်း လုယက်မှုနဲ့ ခိုးမှုတွေ အရင်ကထက်ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။အခုရက်ပိုင်းအတွင်းမှာပဲ ဘားအံမြို့ပေါ်မှာ ခိုးမှုနဲ့ လုယက်မှု သုံးခုထက်မနည်းဖြစ်ခဲ့ပါတယ်။

ဘားအံမြို့ ညဈေးမှာ ဈေးလာဝယ်သူရဲ့ ပိုက်ဆံအိတ်ကို ဓားနဲ့ခွဲပြီး ခါးပိုက်နှိုက်မှု ဩဂုတ်လ ၃၁ ရက်က ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၁ရက်နေ့ကလည်း ဘားအံမြို့ ရေပေါ်ဈေးမှာ ဈေးလာဝယ်သူ အမျိုးသမီး တစ်ယောက်ကို တို့ဆေး နဲ့တို့ပြီး ပိုက်ဆံအိတ်ထဲက I phone 13 pro Max ကို ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁ရက်နေ့ကလည်း ဘားအံမြို့ အမှတ်၃ရပ်ကွက် ဒေါနလမ်းကနေအိမ်တအိမ်ကို နေ့ လယ်ပိုင်း မှာပဲ သူခိုးကပ်လို့ အရပ်က ဝိုင်းဖမ်းဖို့ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

“ဘေးနားက တိုက်အိမ်မှာ အိမ်ရှေ့တံခါးပွင့်နေတာတွေ့တော့ လူရှိတယ်ထင်ပြီးအော်ခေါ်တာ ပြန်မထူးတော့ သူ ခိုးဝင်တာသေချာတယ်ဆိုပြီး လူတွေကိုခေါ်တာ၊ လူတွေ့တာမြန်တော့ ဘာမှမယူဘဲ သူခိုးက ပြေးသွားတာ” လို့ ဒေါနလမ်းမှာ နေထိုင်သူတဦးကပြောပါတယ်။
အခုလိုနေ့လယ်ဘက်တွေမှာတင် အိမ်ဖောက်ဝင်တာတွေရှိနေပြီး လူစိမ်းတွေခြေရှုပ်နေတာတွေရှိလို့ ရပ်ကွက်ထဲ နေထိုင်သူတွေ သတိနဲ့နေကြရတယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဘားအံမြို့မှာ ဘဏ်ဓားပြတိုက်မှုလို ထင်ရှားတဲ့ ဖြစ်စဉ်တွေအပါအဝင် လုယက်မှုနဲ့ ခိုးမှုတွေလည်း နေ့စဉ်လိုရှိနေလို့ ဒေသခံပြည်သူတွေ စိုးရိမ်မှုဖြစ်နေကြတာပါ ။အခုနှစ်အ တွင်းမှာပဲ ဘားအံမြို့မှာ CB ဘဏ်ခွဲနဲ့ ကမ္ဘောဇဘဏ်ခွဲတွေကို လက်နက်နဲ့ခြိမ်းခြောက် ဓား ပြတိုက် လုယက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။