မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီး အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရ

Photo – Reuters

မလေးရှားတရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီး Rosmah Mansor ကို စက်တင်ဘာလ ၁ရက်နေ့မှာ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်ပါတယ်။

ခင်ပွန်းသည် နာဂျစ်က အကျင့်ပျက်ခြစားမှုနဲ့ ထောင်ချခံရပြီး ရက်ပိုင်းအကြာမှာပဲ အစိုးရစာချုပ်တွေနဲ့ ပတ်သတ်ပြီး လာဘ်စားခဲ့တဲ့အတွက် ခုလို ထောင်ဒဏ် ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

၂၀၁၈ မှာ နာဂျစ်ရဲ့ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးတဲ့နောက် သူတို့နှစ်ဦးဟာ အကျင့်ပျက်ခြစားမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေရဲ့ အဓိကအာရုံစိုက်စရာ ဖြစ်လာပါတယ်။ 

အဲဒီအချိန်က ဒေါ်လာဘီလီယံချီတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကို မဲဆန္ဒရှင်တွေက ဒေါသထွက်ခဲ့တာကြောင့် သူရဲ့ ကိုးနှစ်တာ သက်တမ်းရှိနေတဲ့ အာဏာကို အဆုံးသတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

Rosmah ဟာ သူ့ရဲ့ အသုံးအဖြုန်းကြီးတဲ့ လူနေမှုပုံစံနဲ့ တန်ဖိုးအလွန်ကြီးတဲ့ Hermes Birkin အမှတ်တံဆိပ် လက်ကိုင်အိတ်တွေ သုံးနေတာတွေအတွက် မလေးရှားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရတာပါ။ အစိုးရကိစ္စတွေမှာလည်း သူ့ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Rosmah ဟာ လာဘ်ပေးလာဘ်ယူမှု သုံးခုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံသမိုင်းမှာ စံချိန်တင်ပမာဏ ဖြစ်တဲ့ ဒဏ်ငွေ ရင်းဂစ် သန်း ၉၇၀ (ဒေါ်လာ ၂၁၆ ဒဿမ ၄၅ သန်း) ပေးဆောင်ရမှာဖြစ်တယ်လို့ ကွာလာလမ်ပူ တရားရုံးချုပ် တရားသူကြီး Mohamed Zaini Mazlan က ပြောဆိုပါတယ်။

သူတို့ရဲ့အမှုက ကျိုးကြောင်းဆီလျော်တဲ့ သံသယထက် ကျော်လွန်နေတာကို တရားလိုဘက်က သက်သေပြခဲ့တယ်လို့ တရားသူကြီးက ထပ်ပြီး ပြောဆိုထားပါတယ်။

သူက အထက်တရားရုံးကို အယူခံမဝင်မီ အတောအတွင်းမှာတော့ အာမခံနဲ့ လွတ်နေမှာ ဖြစ်ပါတယ်။

“ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်မ အရမ်းဝမ်းနည်းတာကို ဝန်ခံပါမယ်၊ ကျွန်မပိုက်ဆံ ယူတာကို ဘယ်သူမှမမြင်ပါဘူး၊ ပိုက်ဆံ ရေနေတာကိုလည်း ဘယ်သူမှမမြင်ပါဘူး၊ ဒါပေမယ့် ဒါက အဆုံးသတ်ဖြစ်မယ် ဆိုရင်တော့ ဒါကို ဘုရားသခင်ဆီမှာ ထားခဲ့လိုက်တော့မယ်” လို့ Rosmah က စီရင်ချက်ချအပြီးမှာ ပြောဆိုခဲ့ပါတယ်။