ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာက ရွှေဆိုင်နှစ်ဆိုင် တပြိုင်တည်းဓားပြတိုက်ခံရပြီး ကျပ်သိန်း ၇၀၀ ထက်မနည်း တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
”ဆိုင်ထဲဝင်လာပြီးတော့ ရွှေထည့်ထားတဲ့မှန်အိမ်ကို သေနတ်နဲ့ထုပြီးခွဲတယ်၊ အထဲကရွှေတွေကို အကုန်ယူသွား တယ်” လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတဦးကပြောပါတယ်။
ရွှေဂွန်းရွာထဲမှာ ဆိုင်ခန်းချင်းကပ် ဖွင့်ထားတဲ့ သရဖူရွှေဆိုင်နဲ့ ထွန်းရွှေဆိုင်တို့ကို ဩဂုတ် (၃၁) ရက်နေ့ မနက်ကိုးနာရီဝန်းကျင်မှာ လက်နက်ကိုင်ထားသူတွေက တပြိုင်တည်း ဝင်ရောက်ဓားပြတိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေဆိုင်တွေထဲ ဓားပြတိုက်ခဲ့တဲ့ လက်နက်ကိုင်လူစုမှာ အနည်းဆုံး လူဆယ်ဦးလောက်ပါဝင်ပြီး ဆိုင်နှစ်ဆိုင်ကို လူခွဲပြီး တပြိုင်တည်း ဓားပြတိုက်ခဲ့ကြတာလို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အဲ့ဒီဓားပြတိုက်မှုကြောင့် သရဖူရွှေဆိုင်တဆိုင်တည်းကပဲ ကျပ်သိန်း (၇၀၀) ထက်မနည်းတန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေဆုံးရှုံးခဲ့တယ်လို့ DNA ကစုံစမ်းသိရှိရပြီး ထွန်းရွှေဆိုင်က ဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။
ဓားပြတိုက်မှုဖြစ်အပြီး ခဏအကြာမှာ ဒေသတွင်းက ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးပြီး အနီးဝန်းကျင်က ဈေးဆိုင်တွေကတော့ ပိတ်ကုန်ကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ဓားပြတိုက်ခဲ့သူတွေဟာ သံလွင်မြစ်ကမ်းနားဘက်က လာခဲ့တာဖြစ်ပြီး ဖြစ်စဉ်အပြီးမှာလည်း အဲ့ဒီဘက်ကို ပြန်လည်ထွက်ခွာသွားကြတယ်လို့သိရပါတယ်။ ဒေသတွင်းမှာ အရင်ကအခုလိုဓားပြတိုက်မှု တစ်ခါမှမဖြစ်ခဲ့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှဖြစ်လာတာကြောင့် ရွှေဂွန်းမှာနေထိုင်တဲ့ ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်နေချိန် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတဝှမ်း ဒေသအနှံ့မှာ ဓားပြတိုက်၊ လုယက်၊ သတ်ဖြတ်မှုတွေများပြားလာပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့အခြေအနေကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေရှိနေတာပါ။
ကရင်ပြည်နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ဘားအံမြို့က CB ဘဏ်ခွဲ ဓားပြတိုက်ခံရလို့ ကျပ်သိန်း ၁၂၀၀ လောက် ဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီကတော့ အဲ့ဒီဓားပြတိုက်မှု လုပ်ဆောင်သူတွေကို နာရီပိုင်းအတွင်း ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။