စကစ ကဖမ်းဆီးခဲ့ပြီး ပုဒ်မ (၅၀၅)(ခ) နဲ့ ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ထားတဲ့ ဒီချုပ်ပါတီရဲ့ ကရင်ပြည်နယ် ဝန်ကြီးသုံးဦးကို ဒီနေ့မနက်ပိုင်းမှာပဲ တောင်ကလေး အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ သူတို့ရဲ့ မိတ်ဆွေအချို့က DNA ကို အတည်ပြုပေးပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကနေ အနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီအစိုးရအဖွဲ့ရဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ့် တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်နဲ့ လူဝန်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဦးစီးဌာနဝန်ကြီး ဦးမင်းကိုခိုင်တို့ကို ဒီနေ့မနက် ၈ နာရီခွဲ ဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ သူတို့ သုံးဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူတွေ ဖြစ်ပါတယ်။
ဦးခွန်မျိုးတင့်ကိုတော့ မိသားစုဝင်တွေ လာကြိုသွားပြီး နောင်လုံရှိ သူ့ရဲအိမ်ကို ပြန်ခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ သုံးဦးလုံးဟာ လျှော့ရက်နဲ့ လွတ်ရက်စေ့သွားတဲ့ အခြေအနေနဲ့ ပြန်လည်လွတ်မြောက်လာကြတာလို့ သိရပါတယ်။
ဘားအံ၊ တောင်ကလေး အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးပုဒ်မ အသီးသီးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရစဲ ဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ စည်ပင်ဝန်ကြီး၊ စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်နဲ့ အခြား စစ်အာဏာရှင် ဆန့်ကျင်သူ နိုင်ငံရေးအကျဉ်းသားနဲ့ အချုပ်သား စုစုပေါင်း တစ်ရာကျော် ရှိနေသေးတာပါ။ အကျဉ်းဦးစီးနဲ့ နီးစပ်သူတချို့ကတော့ အခုရက်ပိုင်းအတွင်းမှာ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီးလွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
အခု ပြန်လည်လွတ်မြောက်လာတဲ့ ဒီချုပ်ဝန်ကြီးသုံးဦးဟာ ၂၀၂၂ ဖေဖေါ်ဝါရီလ အာဏာသိမ်းဖြစ်စဉ် စတင်ချိန်ကတည်းက အစိုးရအဖွဲ့အိမ်ယာမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူတွေဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြတဲ့ ဒေသခံပြည်သူတွေဟာ စိုးရအိမ်ယာဝန်းရှေ့ လမ်းမပေါ်က ဖြတ်သွားချိန် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက အိမ်ဝရံတာကနေ ထောက်ခံဆန္ဒပြခဲ့ကြတဲ့ အတွက် ပြည်နယ်စစ်ကောင်စီက ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ (၅၀၅)(ခ) နဲ့ ၂၀၂၂ မေလက ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြန်လည် လွတ်မြောက်လာတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး DNA အနေနဲ့ ဒီချုပ်ဝန်ကြီးသုံးဦးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး လက်တလောအချိန်အထိ အဆက်အသွယ် မရသေးပဲ ရှိနေတာ ဖြစ်ပါတယ်။