ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ နေ့စဥ်ရက်ဆက် လုယက်မှုတွေနဲ့ ဖောက်ထွင်းမှုတွေဖြစ်နေပြီး မလုံခြုံမှုခံစားနေ ရတယ်လို့ မြို့ခံတွေနဲ့ လုယက်မှု ကြုံတွေ့ခဲ့သူတွေက DNA ကိုပြောပါတယ်။
“စျေးထဲမှာ ပိုက်ဆံအိတ် အခွဲခံရတာကဒီရက်ထဲမှာတင်နှစ်ခါရှိပြီ၊ဘယ်သွားသွားမလုံခြုံတော့ဘူး အိမ်မှာနေလည်း ညဖက်တွေမှာ သူခိုးဓါးပြရန်ကြောက်ရသလို စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီးဒလန်ရန်တွေကိုပါ ကြောက်နေရ တယ်”လို့ ဘိုကလေးမြို့က အိမ်ထောင်ရှင်မတဦးကပြောပါတယ်။
ဘိုကလေးမြို့ပေါ်ရပ်ကွက်တခုဖြစ်တဲ့ အမှတ်(၅)ရပ်ကွက်မှာ ဩဂုတ်လ ဒုတိယပတ်အတွင်းက ညအချိန် အနုကြမ်းစီးခံရလို့ ရွှေလေးဆယ်သားဝန်းကျင်နဲ့ ငွေသိန်းခြောက်ဆယ်လောက် ဆုံးရှုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက DNA ကိုပြောပါတယ်။
“စစ်ကောင်စီလက်ပါးစေ ရဲတွေနဲ့ စကားမပြောချင်ဘူး၊သူတို့ကိုသွားတိုင်ရင် ကိုယ့်မှာကျန်တာလေးပါ ထပ်ပေး ရလိမ့်မယ်၊တိုင်လည်းမထူးပါဘူး ဘယ်အမှုမှလည်းပေါ်မှာမဟုတ်ဘူး”လို့ အနုကြမ်းစီးမှုနဲ့ ကြုံတွေ့ခဲ့ရ သူက ဆိုပါတယ်။
လက်ရှိ ဘိုကလေးမြို့မှာ အချိန်ပိုင်းနဲ့ လျှပ်စစ်မီးသုံးစွဲရတာဖြစ်လို့ မီးပြတ်နေချိန် ညပိုင်းတွေမှာ မြို့ပေါ်ရပ်ကွက် တွေမှာ လုယက်မှုတွေဖြစ်လေ့ရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
အခုဩဂုတ်လအတွင်းမှာပဲ ဘိုကလေးမြို့ အမှတ်(၄)ရပ်ကွက်နဲ့ အမှတ်(၆)ရပ်ကွက်တွေမှာ ညအချိန် လုယက်မှု တွေ ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်တွေက ကာယကံရှင်တွေက DNA ကိုပြောပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာ အပြင်းအထန် ဒဏ်ရာရမှုနဲ့ လူသေဆုံးတာတွေမရှိပေမယ့် ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။
“ကန်တော်ကြီးကိုးလမ်းထိပ်မှာ ဖုန်းလုခံရတာ၊ပြန်ခုခံတော့ ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားတယ်၊ ထိခိုက်မိတာက တော့အပေါ်ယံရှပ်ထိဒဏ်ရာလောက်ပဲရလို့ ကံကောင်းတယ်”လို့ လုယက်မှုကြုံတွေ့ခဲ့တဲ့ လူငယ်တဦးက ပြော ပါတယ်။
အဲ့ဒီလိုလုယက်မှုဖြစ်စဉ်တွေအပြင် မြို့ခံတွေကြားလူသိနည်းတဲ့ ဖြစ်စဉ်တွေလည်း အများအပြားရှိနေပြီး ကာယ ကံရှင်တွေကိုယ်တိုင်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတွေကို မတိုင်ကြတာကြောင့် လုယက်မှုအများစုကို လူတွေမသိလိုက်ကြရဘူးလို့ မြို့ခံတဦးကဆိုပါတယ်။