ပါကစ္စတန်မှာမုတ်သုံမိုးရွာသွန်းပြီး ရေကြီးမှုတွေကြောင့် လူပေါင်း တထောင်ကျော် သေဆုံး

Photo – Getty Images

ပါကစ္စတန်နိုင်ငံမှာ ဇွန်လလယ်ပိုင်းက စပြီး  မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကလေး ၃၄၈ ဦး အပါအဝင် အနည်းဆုံး လူ ၁၀၃၃ ဦး သေဆုံးကာ  ၁၅၀၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့  တာဝန်ရှိသူတွေက ဩဂုတ်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

နိုင်ငံရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က ပြီးခဲ့တဲ့၂၄ နာရီအတွင်း လူပေါင်း ၁၁၉ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကပ်ဘေးကြောင့် အနည်းဆုံး လူ ၃၃ သန်း ထိခိုက်ခဲ့ပြီး “ရေကြီးမှုဟာ မကြုံစဖူးနဲ့ အခုဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခပါပဲ” လို့ ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman က ဩဂုတ် ၂၅ ရက်နေ့က ပြောပါတယ်။

ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့ စစ်တပ်တွေ ဖြန့်ကျက်ချထားတယ်လို့ နိုင်ငံရဲ့  ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ စုဆောင်းတာ၊ သယ်ယူပို့ဆောင်တာနဲ့ ရေဘေးသင့်ဒုက္ခသည်တွေဆီ ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးကူညီဖို့အတွက် နိုင်ငံအနှံ့  အပြားမှာ ရေဘေးကယ်ဆယ်ရေးစင်တာတွေ ထူထောင်ထားတယ်လို့လည်း ဆိုပါတယ်။

ဇွန်လလယ် မုတ်သုံရာသီစတင်ချိန်ကစပြီး ကားလမ်းအချား ကီလိုမီတာ ၃၀၀၀ ကျော်၊ တံတားအစင်းပေါင်း ၁၃၀ နဲ့ အိမ်ခြေ ၄၉၅,၀၀၀ ပျက်စီးခဲ့တယ်လို့ NDMA ရဲ့ နောက်ဆုံးအခြေအနေအစီရင်ခံစာအရ သိရပါတယ်။