သမိုင်းလမ်းဆုံအနီးမှာ ဗုံးနှစ်လုံးပေါက်ကွဲ

Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။
သြဂုတ် ၂၈ ရက် မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံအနီးက ကြွေရည်သုပ်မှတ်တိုင်နဲ့ ဦးဘဟန်လမ်း မီးပွိုင့်အနီးမှာ ဒီကနေ (သြဂုတ် ၂၈ ရက်) မနက် ၁၁ နာရီက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“၁၀ နာရီကျော်ကျော်လောက်မှာ လမ်းအသွားအလာကို စစ်တပ်က ပိတ်လိုက်တာပြီးတော့ သူတို့ဗုံးနှစ်လုံးတွေ့တယ်လို့တော့ပြောတယ်။ သိပ်မကြာဘူး သူတို့ဖောက်ခွဲပြီးဖျက်ဆီးလိုက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်းမှာ တစုံတရာ ထိခိုက်ပျက်ဆီးခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ် ။ဒီနေ့ မနက် ၁၀ နာရီခန့်က စပြီး ဘုရင့်နောင်ဘက်ကနေ သမိုင်းလမ်းဆုံဘက်ကို သွားတဲ့ ကြွေရည်သုပ်မှတ်တိုင်နားမှာ ကြွပ်ကြွပ်အိပ်အမဲနဲ့ ထုပ်ထားတဲ့ အထုတ်တထုပ် တွေခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်မှာ အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်တွေ ရောက်လာပြီး သမိုင်းဘူတာရုံလမ်း အသွားအလာပိတ်ဆို့ခဲ့ပြီး စစ်ဆေးရာမှာ ဗုံးနှစ်လုံးတွေ့ရှိခဲ့ပြီးနောက် ဖေါက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ် ။
“ဟိုရက်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတစ်ယောက်အပစ်ခံခဲ့ရတဲ့ ဦးဘဟန်မီးပွိုင့်နားမှာပေါက်တာ ၁၁နာရီလောက်ကပေါက်တာ အခုလည်း စစ်တပ်ကလမ်းတွေပိတ်ထားတုန်းပဲ”လို့ မရမ်းကုန်း (၂) ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
လက်ရှိမှာ ဗုံးတွေ့တဲ့ဖြစ်စဥ်ကြောင့် စစ်တပ်က အနီးနားဝန်းကျင်ကနေအိမ်တွေကို အပြင်ထွက်မကြည့်ဖို့နဲ့ လမ်းသွား၊လမ်းလာနဲ့ယာဥ်အသွား အလာတွေကိုပိတ်ဆို့ထားပြီး စစ်ဆေးမှုတချို့ကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။