ကနီမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ခြောက်ဦးကျဆုံး

Photo – KLG-PDF
ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ချောင်းမကျေးရွာအနီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် (၆) ဦးကျဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG-PDF အဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
“ဩဂုတ်လ ၂၆ရက်နေ့က စစ်ကောင်စီတပ်သားတွေက ကနီမြို့နယ် ဇီးပင်တွင်းရွာကို မီးရှို့နေလို့ ကျွန်တော် တို့တပ်ဖွဲ့ဝင်တွေကဝိုင်းထားတာ။ အဲ့အချိန်မိုးက တအားရွာနေတော့ ကျွန်တော်တို့နောက်ဆုတ်လာတယ်။ နောက်ဆုတ်လာပြီး ရှေ့တန်းက ရဲဘော်တွေကိုလာကြိုဖို့ ကားမောင်းပေးဖို့ လှမ်းခေါ်တဲ့ချိန်မှာ ခွေးတွေက မထင်မှတ်ပဲရောက်လာပြီး ပစ်ခံလိုက်ရတာ” လို့ ဆိုပါတယ်။
KLG-PDF အဖွဲ့က ကျဆုံးခဲ့တဲ့သူတွေမှာ အသက်(၁၈) နှစ်အရွယ် ကိုဇော်ဝင်းထွန်း(ခ)ငယ်လေး ၊ အသက်(၂၇) နှစ်အရွယ် ကိုပြည့်ဖြိုးကျော်(ခ) ငဖြိုး ၊ အသက် (၂၈) အရွယ် ကိုအာကာမိုး(ခ)ပြည့်စုံအောင်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ ကျဆုံးခဲ့တဲ့ ကျန်သုံးဦးမှာ ဘယ်အဖွဲ့က ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“ကျွန်တော့အနေနဲ့ကတော့ ကျွန်တော်အကောင်းဆုံးလက်စားချေသွားမှာဗျ ။ ခုလောလောဆယ်ကိုပဲ ခွေးတွေ ကျွန်တော်တို့နားမှာ ရှိနေတာ ။ ကျွန်တော့ညီလေးတွေအတွက် အကောင်းဆုံးလက်စားချေသွားမယ်။ ကနီမြို့ နယ်အနီးမှာ စစ်ကောင်စီ တပ်သား ၅၀၀ကျော်နဲ့ စစ်ကြောင်းတွေထိုးနေတယ်”လို့လည်းဆိုပါတယ်။
ကနီမြို့နယ်၊ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ကျဆုံးခဲ့ရတဲ့ ရဲဘော် (၆) ဦးအတွက်လည်း ဝမ်းနည်းကြောင်းမှတ်တမ်းလွှာကို မနေ့က (ဩဂုတ်လ ၂၇) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
Photo – KLG-PDF