အီသီယိုးပီးယားမှာ ကလေးကစားကွင်း လေကြောင်းတိုက်ခိုက်ခံရလို့ လူ ခုနစ်ဦး သေဆုံး

Photo – Reuters

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း တီဂရေးဒေသမှာ မြို့တော်မှာ ကလေးကစားကွင်းကို လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဩဂုတ်လ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

လေးလကြာ အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးနောက် အခုသီတင်းပတ်အတွင်း ပထမဆုံးတိုက်ခိုက်မှု ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် သုံးဦးပါဝင်တယ်လို့ဆိုပေမယ့် ဖက်ဒရယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ အရပ်သားသေဆုံးမှုမရှိဘူးလို့ ငြင်းဆိုထားတာလည်း ဖြစ်ပါတယ်။

တီဂရေး နဲ့ အမ်ဟာရာရဲ့ နယ်စပ်တွေမှာ အစိုးရနဲ့ တီဂရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ထပ်ဖြစ်ပြီး နှစ်ရက်အကြာမှာပဲ အခုလိုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

တီဂရေးဒေသန္တရအာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ တီဂရေးရုပ်သံမှာတော့ လေကြောင်းတိုက်ခိုက်မှုအတွက် ဖက်ဒရယ်အစိုးရကို အပြစ်တင်ခဲ့ပြီး အီသီယိုးပီးယားအစိုးရကတော့ စစ်တပ်ကို ပစ်မှတ်ထား အရေးယူဖို့ ရည်ရွယ်ထားတဲ့အတွက် တီဂရေးမြို့ခံတွေကို စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ ဝေးဝေးနေဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက် တာကြောင့် ကလေးကစားကွင်းကို ထိမှန်ခဲ့တာဖြစ်ပြီး အနီးနားမှာ  စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ရှိ၊ မရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီလကလည်း ဒက်ဘစ်မြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် လူ ၅၆ ဦး သေဆုံးပြီး လူ ၃၀ ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေကဆိုထားပေမယ့် အစိုးရကတော့ မှတ်ချက်ပေးဖို့ တုံ့ပြန်တာမရှိဘူးလို့ သိရပါတယ်။