ဖျားနာမှုအသစ်တွေက ကိုဗစ်မဟုတ်ဘူးလို့ မြောက်ကိုရီးယား ထုတ်ပြန်

Photo – AP

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသမှာ နောက်ထပ်တွေ့ရှိခဲ့တဲ့ ဖျားနာလူနာတွေဟာ အစောပိုင်းက စိုးရိမ်ထားသလို ကိုရိုနာဗိုင်းရပ်ကူးစက်မှုမဟုတ်ဘဲ တုပ်ကွေးသာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဒီကနေ့ ဩဂုတ်လ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ကိုဗစ်သံသယရှိလူနာ ၄ ဦး ဖျားနာပြီးတဲ့နောက် Ryanggang ပြည်နယ်ရှိ တချို့နေရာတွေကို လော့ဒေါင်း ချထားလိုက်ပြီလို့ ပြောကြားပြီး တစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာ KCNA ရဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အိုမီခရွန် ဖြစ်ပွားမှုကို အသိအမှတ်ပြုပြီး သုံးလအကြာမှာပဲ ခေါင်းဆောင်ကင်ဂျုံအန်က ကိုရိုနာဗိုင်းရပ်စ်အောင်ပွဲကို ကြေငြာခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ကတည်းက ဗိုင်းရပ်ကူးစက်ခံရသူ မရှိတော့ဘူးလို့ ဆက်ပြီး ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

မေလမှာ နိုင်ငံတွင်း ကိုဗစ်ရောဂါပျံ့နှံ့နေကြောင်း ဝန်ခံပြီးတဲ့နောက် မြောက်ကိုရီးယားဟာ သူ့ရဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ လူဦးရေ ၂၆ သန်းမှာ အဖျားရောဂါဖြစ်ပွားမှု ၄ ဒဿမ ၈ သန်းခန့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အဲဒီထဲက တချို့လောက်ကိုသာ ကိုဗစ်လူနာအဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုအတွင်း  သေဆုံးသူ ၇၄ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် ဝန်ဆောင်မှုအားနည်းတဲ့   မြောက်ကိုရီးယားရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို တွက်ဆကြည့်ရင် လက်တွေ့မှာ သေဆုံးသူအရေအတွက် ပိုများနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။