ထိုင်းဝန်ကြီးချုပ် ပရာယွတ် ရာထူးကနေ ရပ်ဆိုင်းခံရ

Photo – AP

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူးကနေ ဆိုင်းငံ့ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချလိုက်တယ်လို့ Bangkok Post သတင်းဌာနက ဒီကနေ့ ဩဂုတ်လ ၂၄ရက်နေ့မှာ ဖော်ပြထားပါတယ်။

ပရာယွတ်ဟာ ဝန်ကြီးချုပ်ရာထူး ၈နှစ်သက်တမ်းပြည့်ပြီဖြစ်တာကြောင့် ရာထူးကနှုတ်ထွက်ဖို့ ပြည်သူတွေ ဆန္ဒပြနေချိန်မှာ တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အခုလို ဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက်မှာတော့ ယာယီဝန်ကြီးချုပ်အဖြစ် ဘယ်သူ့ကို တာဝန်ပေးအပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ထိုင်းနိုင်ငံ ဥပဒေအရ ဒုဝန်ကြီးချုပ်  Prawit Wongsuwan ဟာ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း မစ္စတာ ပရာယွတ်ရဲ့ နီးကပ်တဲ့ နိုင်ငံရေးမဟာမိတ်တဦးဖြစ်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ 

စစ်ဝန်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ဟာ ၂၀၁၄ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် ယာယီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆွဲပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အခုဆိုရင် ၈နှစ်ပြည့်ပါပြီ။

ဝန်ကြီးချုပ် သက်တမ်း ပြည့် မပြည့်နဲ့ သူဘယ်လောက်ထိ အုပ်ချုပ်နိုင်ဦးမလဲ ဆိုတာကို ဆုံးဖြတ်ပေးဖို့ အတိုက်အခံတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ တရားသူကြီး ၅ဦးအနက် ၄ဦးက မစ္စတာ ပရာယွတ်ကို ရာထူးက ဆိုင်းငံ့ဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။