ဖျာပုံမှာ အမျိုးသမီးနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း ဖျာပုံမြို့ ၊ (၁၅)ရပ်ကွက်က ရပ်ကွက်ရုံးစာရေးမ နဲ့ သူမသူငယ်ချင်း တို့နှစ်ဦးကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Black Dragon Force Pyapon ရဲ့ တာဝန်ခံ ဗိုလ်နိုင်းဒီက DNAကိုပြောပါတယ်။
“အဲ့မိန်းမက (၁၅ )ရပ်ကွက်ကစာရေးမ၊ သူက အုပ်ချုပ်ရေးမှူးထက် ပါဝါရှိတယ်။ တော်လှန်ရေး နဲ့ ပတ်သက်တဲ့ သူတွေဆိုရင် သတင်းပေးဖမ်းခိုင်းတာ။ သူကစစ်ကောင်စီနဲ့ တိုက်ရိုက် ပတ်သက်နေတာ။ရပ်ကွက်ထဲမှာ သူနဲ့ အဆင်မပြေတဲ့သူဆို စစ်ကောင်စီနဲ့ ခြိမ်းခြောက်တာ။ ဖျာပုံမြို့မှာ ပြည်သူတွေ တိုင်ကြားမှု့အခံရဆုံးမိန်းမ ဖြစ်တဲ့အတွက် ရှင်းလင်းခဲ့တာ”လို့ ပြောပါတယ်။
အမှတ်(၁၅) ရပ်ကွက်ရုံးရဲ့ စာရေးမဖြစ်တဲ့ မနိုးနိုးဝေ နဲ့ မနှင်းဝေခိုင်တို့ကို ပစ်သတ်သွားခဲ့တာပါ။ မနိုးနိုးဝေကို Black Dragon Force Pyapon အဖွဲ့က စစ်တပ်သတင်းပေး ဒလန်အဖြစ် ပြောဆိုခဲ့ပေမယ့် DNA အနေနဲ့ လက်တလောအချိန်မှာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“နိုးနိုးဝေ က စာရေးမ နှင်းဝေခိုင်နဲ့ သူငယ်ချင်း ။ သတင်းပေးတော့ မဟုတ်ဘူး။ အတူသွား အတူလာ ဆိုတော့ ခုသူပါ အသတ်ခံလိုက်ရတယ်”ဟု ဖျာပုံမြို့ခံတဦးပြောပါတယ်။
ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ မနိုးနိုးဝေနဲ့ အတူရှိနေတဲ့သူဖြစ်တဲ့ မနှင်းဝေခိုင်ကိုတော့ ရဲဘော်တွေရဲ့ လုံခြုံရေးအရ ရှင်းလင်းလိုက်တာလို့ ဗိုလ်နိုင်းဒီက ပြောပါတယ်။
“နှင်း​ဝေခိုင် ကို နိုးနိုးဝေ နဲ့ သွားတာလာတာ ဆင်ခြင်ဖို့ သတိပေးထားပေမယ့် သူက မလိုက် နာဘူး၊ ခုလည်း ပစ်မှတ်မှာ မပါပေမယ့် စစ်ဆင်ရေး ဖော်ဆောင်ချိန်ဆိုတော့ မြေပြင်ရဲဘော်တွေရဲ့ လုံခြုံရေးအရ သူ့ကို ပါရှင်းလိုက်ရတာ”လို့ ဆိုပါတယ်။
မနိုးနိုးဝေဟာ စစ်တပ်ထောက်ခံပွဲတွေနဲ့ မဘသအဖွဲ့ကလုပ်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဖျာပုံမြို့ဒေသခံ အချို့က ပြောပါတယ်။
Black Dragon Force Pyapon အဖွဲ့ဟာ အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းဦး နဲ့ ညီဖြစ်သူ အောင်အောင် တို့ကိုလည်း ဒေသခံတွေအပေါ် စစ်ကောင်စီအလို တော်ရိ လုပ်ကာ အနိုင်ကျင့်နေတာတွေကို ရပ်တန့်ဖို့ ဒီနေ့မှာ စာထုတ်ပြီး သတိပေးခဲ့ပါတယ်။
Black Dragon Force Pyapon အဖွဲ့ဟာ ဖျာပုံအ ခြေစိုက် တော်လှန်ရေး အဖွဲ့တခုဖြစ်ပြီး ဇူလိုင်(၂၈)ရက်ကလည်း ဖျာပုံမြို့အဝင် ကျိုက်လတ်အထွက် ချောင်းတွင်းတံတားဂိတ် ကိုဖောက်ခွဲတိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။