မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာနဲ့ လီဗာပူးအသင်းတို့ ကစားခဲ့တဲ့ ဒီနေ့ ဩဂုတ်လ ၂၃ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစု ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဂလေဇာမိသားစုအနေနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဘောလုံးအဖွဲ့အစည်းကို ယိုယွင်းအောင်လုပ်ဆောင်နေလို့ ခုလိုဆန့်ကျင့်တာ ဖြစ်တယ်လို့ ဘောလုံးကွင်းအပြင်မှာ စုဝေးလာတဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။
အိုးလ်ထရက်ဖို့ဒ် အနီးတစ်ဝိုက်မှာ ကစားပွဲ မစတင်မီ သုံးနာရီခန့်ကတည်းက ပရိသတ်တွေ စုဝေးနေခဲ့ကြတာပါ။
ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်မှာ ကလပ်ရဲ့ ရှယ်ယာအများစုကို ဝယ်ယူခဲ့ပြီးတဲ့နောက် အသင်းဟာ အကြွေးတွေတင်လာတာနဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက စိတ်ပျက်လာကြတာပါ။
ဂလေဇာမိသားစုဟာ ဘောလုံးအသင်းဆီကနေ ငွေကြေးတွေကို ပုံမှန်ယူဆောင်နေတာ ဖြစ်ပြီး မကြာသေးမီက ငွေကြေးစာရင်းတွေမှာ ယူနိုက်တက်ရဲ့ ကြွေးမြီဟာ ပေါင်သန်း ၅၀၀ နီးပါးအထိ မြင့်တက်လာခဲ့ကာ မနှစ်ကထက် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင်မကြာသေးမီနှစ်တွေအတွင်း ပြောင်းရွှေ့ကြေး ပေါင်သန်းရာနဲ့ချီ သုံးစွဲခဲ့ပေမယ့် အသင်းအနေနဲ့ အောင်မြင်မှု ကြီးကြီးများများမရခဲ့ပါဘူး။ အဲဒီငွေတွေဟာ ဂလေဇာရဲ့ ကိုယ်ပိုင်ငွေကြေးထက် အသင်းက ရရှိတဲ့ အမြတ်တွေကို သုံးလိုက်တာဖြစ်တာကြောင့် ပရိတ်သတ်တွေကို ပိုပြီး ဒေါသထွက်စေခဲ့တာပါ။
ယူနိုက်တက် ပရိသတ် သန်းကြွယ်သူဌေး Sir Jim Ratcliffe က ကလပ်ကို ဝယ်ယူဖို့ စိတ်ဝင်စား နေတာကလည်း အခုသီတင်းပတ်အတွင်း ဆန္ဒပြမှုကို ထပ်ပြီး တွန်းအားပေးလိုက်တာ ဖြစ်တယ်လို့ သတင်းတချို့က ဆိုထားပါတယ်။