တွံ​တေး၊ဇီးဖြူကုန်းရွာက အုပ်ချုပ်ရေးအဖွဲ့ စစ်တပ်ကိုသတင်းပေးလို့ ရှင်းလင်းတာလို့ဆို

Photo – Google

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာ က အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်ကောင်စီကို သတင်းပေးတာတွေလုပ်လို့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြိုပြပြောက်ကျား-တွံတေးအဖွဲ့ရဲ့ တာဝန်ရှိသူက DNA ကိုပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များကို ကျနော်တို့ဟာ အရေးယူခြင်းကိုချည်းပဲ မဟုတ်ဘဲ သတိပေးခြင်းတို့ကိုလည်းဆောင်ရွက်ပါတယ်၊ အဲ့လိုအခြေအနေမှာမှပိုမိုပြီးတော့ ဆိုးရွာတဲ့‌ အခြေအနေတွေကို လုပ်ဆောင်နေတာမို့ ကျနော်တို့အနေနဲ့အချက် ၃ ချက်နဲ့စိစစ်ပြီး အရေးယူတာပါ”လို့မြို့ပြပြောက်ကျား-တွံတေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဒေါက်တိုင်တွေနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ပြည်သူကိုဒုက္ခပေးတာ၊အကြမ်းဖက် စစ်ကောင်စီထောက်တိုင်လုပ်တာ(သတင်းပေးခြင်း၊ထောက်ပံ့ခြင်း)၊တော်လှန်ရေးနဲ့ တော်လှန်ရေး ရဲဘော်တွေကိုထိခိုက်အောင်ဖမ်းဆီးခံရစေအောင်လုပ်တာ စတဲ့သတ်မှတ်ချက် ၃ ချက်နဲ့စိစစ်ပြီးမှ အရေးယူရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကစစ်ကောင်စီကို သတင်းပေးတာကြောင့် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲအကျဥ်းကျနေသူနှစ်ဦး၊ တွံတေးမြို့မှာတင် ဖမ်းဆီးနှိပ်စက်ခံရသူ (၁၁) ဦးရှိတယ်လို့ ဆိုပါတယ်။

ဇီးဖြူကုန်းကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ကို သြဂုတ် ၂၂ ရက် ညနေပိုင်းက မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးတက်ပြီး တက္ကစီနဲ့ ပြန်လာချိန် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာနဲ့ သဝန်းတောကျေးရွာလမ်းဆုံမှာ ပစ်ခတ်ခဲ့တာကြာင့် ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ -တွံတေးက ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတွေထဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူး ဦးအေးမြင့်၊ ရာအိမ်မှူး ဦးဝင်းဇော်၊ ရာအိမ်မှူး ဦးသန်းဌေးတို့ အပြင်သုံးဘီးဆိုင်ကယ်မောင်းသူ ကိုဘိုဘို နဲ့ အဌားယာဉ်မောင်းလည်း ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရာအိမ်မှူးဦးစန်းလွင်ကိုတော့တွံတေးမြို့နယ်ဆေးရုံမှာ ကုသ​နေတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်မှာသုံးဘီးဆိုင်ကယ်မာင်းသူနဲ့ အငှားယာဥ်မောင်းတို့ကို ပါထည့်သွင်းခဲ့တာနဲ့ပတ်သက်လို့ “သုံးဘီးသမားကိုယ်တိုင်ကဇီးဖြူကုန်းမှာတပ်စွဲထားတဲ့စစ်ခွေးတွေကိုကျွေးမွေးနေတဲ့ကောင်ပါ ကားသမားကတော့ အုပ်ကြီးခင်ညွှန့်ကိုယ်တိုင် ခေါ်ယူ‌ထားတဲ့လက်ပါးစေပါ”လို့ မြို့ပြပြောက်ကျားအဖွဲ့ -တွံတေးရဲ့တာဝန်ရှိသူက ဆိုပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။