ရွှေပြည်သာက အုပ်ကြီးတွေ လူမိုက်တွေနဲ့အတူ ရပ်ကွက်ထဲ ဓါးရှည်ကိုင်ကင်းလှည့်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၁၉(သံဒင်း)နဲ့ ၂၀(သံဒင်း)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတွေဟာ လူမိုက်တွေနဲ့အတူ ဓါးရှည်တွေကိုင်ပြီး ရပ်ကွက်ထဲမှာ ကင်းလှည့်နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ် ။
“ပြီးခဲ့တဲ့ရက်ကဆိုရင် ကျွန်တော်တို့ စက်မှုဇုန်ဘက်မှာ ၊ မရှိဘူးဆိုရင် ခုနှစ်ယောက် ၊ ရှစ်ယောက်လောက် ရှိမယ်။ဆိုင်ကယ်တွေနဲ့ လက်မောင်းမှာလည်း တာဝန်လက်ပတ်အနီတွေနဲ့ ယမ်းချင်တိုင်းယမ်းနေတာ ။ တချို့ဆို ထွက်တောင် မကြည့်ရဲဘူး ။ မူးလည်းမူးနေကြတယ်”လို့ ဆိုပါတယ်။
၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနာမည်က ဦးစောထွန်းလို့ သိရပြီး ၊ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးစန်းမြင့်လို့ သိရပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကြံ့ဖွံ့ပါတီဝင်တွေလို့ သိရပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသူတွေလို့ ဆိုပါတယ် ။
“၁၉/၂၀ မှာက သံဒင်းမောင်တို့လို လူမိုက်အဖွဲ့တွေ နာမည်ကြီးတယ် သူတို့နဲ့ အုပ်ကြီးတွေ ရာအိမ်မှူးတွေက အတူဆိုးကြတယ်ရပ်ကွက်ကကြောက်ရတယ်ဆိုပါတော့ဗျာ”လို့ ၂၀ သံဒင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေရဲ့ လုပ်ရပ်တွေကို ရပ်ကွက်နေသူတွေက မကျေနပ်ကြတဲ့အတွက် တော်လှန်ရေးအင်အားစုတွေကို တိုင်ကြားမှုတွေ ရှိတယ်လို့ သိရပြီး ဒီလ ၂၀ ရက်နေ့က ရွှေပြည်သာမြို့နယ်ရဲ့ အမှတ် ၁၉၊၂၀၊၂၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို S.P.T.U.Gအဖွဲ့က ကျည်ငါးတောင့်ပါဝင်တဲ့ သတိပေးစာတစ်စောင် ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးတင်မောင်ဦး ဆိုသူဖြစ်ပြီး သူလည်း ကြံ့ဖွံ့ပါတီဝင်တဦး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူးနဲ့ လူမိုက်တွေရဲ့ လိပ်စာ ၊ ဓာတ်ပုံနဲ့ အချက်အလက်တွေ ရယူထားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ကနေ နုတ်ထွက်ဖို့ကိုလည်း သတိပေးထားတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း လူနေထူထပ်ဆုံး မြို့နယ်တွေထဲက တခုဖြစ်ပြီး ဝါးတရာစက်မှုဇုန် ၊ ရွှေပြည်သာစက်မှုဇုန် ၊သာဓုကန်စက်မှုဇုန်တွေ ရှိတဲ့မြို့နယ်တခု ဖြစ်ပါတယ်။