အင်တာနက်ဖြတ်ခံထားရတဲ့ ကနီနယ်ကို စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးနေ

Photo – Google
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ နယ်မြေရှင်း လင်းနေ တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ မြွေပိုင်း တောင်အနီးကို စစ်ကြောင်း ဆက်ထိုးနေ တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
ဩဂုတ်လ (၂၁)ရက်နေ့မှာ မိချောင်းတွင်းရွာက ထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းဟာ ပဲခင်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ မြွေပိုင်း တောင်ဘက်ကို ဆက်လက်ထွက်ခွာကာ ဘုမ္မဇင်း၊ ကဲဒေါင်ရွာဘက်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
“ကင်းက စခတွေက မနေ့ညက ပဲခင်းမနောက်ရွာ ဘုန်းကြီးကျောင်းမှာ အိပ်တယ်၊ မြွေပိုင်း တောင်ဘက်က ဖုန်းအဆက်အသွယ်မရသေးတော့ တိတိကျကျမသိရသေးဘူး၊ မိချောင်းတွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုတော့ အကုန်ရိုက်ခွဲထားခဲ့တယ်” လို့ ကနီဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဝင်ရောက်ခဲ့တဲ့ ရွာကပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး မိုင်း ထောင်ခဲ့တတ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ ရွာထဲပြန်ဝင်ဖို့ ဒေသခံရွာသားတွေကို သတိပေးထားတယ်လို့ သိရပါတယ်။
“မိချောင်းတွင်းကတော့ တချို့တွေပြန်ဝင်ကြတယ်၊ အောက်ကင်းရွာကတော့ တော်တော်များများ မဝင်ကြသေးဘူးပြောတယ်၊ မိုင်းကြောက်လို့တဲ့ အရင်စစ်ကြောင်းကလည်း မီးဖိုချောင်ထဲ မိုင်းထောင်ထားခဲ့တော့ အမျိုးသမီးတစ် ယောက်ထိတယ်၊ နေရာမှာတင်သေတယ်” လို့ သူကဆက်ပြောပါတယ်။
ကနီမြို့နယ်အတွင်း ဩဂုတ်လ ၁၇ ရက်နေ့ကစပြီး လေယာဉ်လေးစင်းနဲ့ စစ်သားအင်အား တစ်ရာကျော် လာချသွားပြီးတဲ့နောက်မှာ အဲ့ဒီစစ်ကောင်စီတပ်သားတွေက ချင်းတွင်းမြစ်တစ်လျှောက်ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးလှုပ်ရှားနေတာဖြစ်ပါတယ်။