၁။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူထုကို တမင်တကာ အကျပ်တွေ့အောင် လုပ်ဆောင်နေတာတွေ ရှိလာတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ – အခြေခံလူ့ကျင့်ဝတ်သဘောထား နှုန်းစံ တစ်ခု ရှိပါတယ်။ အဲဒါကတော့ – စေတနာပဲ ဖြစ်ပါတယ်။ စေတနာဆိုတဲ့ ဝေါဟာရဟာ ယေဘုယျကျကောင်း ကျပါလိမ့်မယ်။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်း မှာ၊ “ဘာဖြစ်စေချင်တဲ့စေတနာရှိတာလဲ” ဆိုတာကို ရက်ရက်စက်စက် ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် မေးမှ ကောင်းလိမ့်မယ်လို့ ယူဆပါတယ်။
၂။ လူမှုစီးပွားဘဝတွေဟာ အကျပ်အတည်း မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်းက ဣဿာ မစ္ဆရိယတွေကြောင့် တဖြည်းဖြည်း တအိအိနဲ့ ပိုမိုကျပ်တည်းလာနေပါတယ်။ လူထုရဲ့ ဝင်ငွေ၊ လူထုရဲ့ လုံခြုံရေး၊ လူထုရဲ့ စားဝတ်နေ ရေး၊ လူထုရဲ့ ပညာရေး၊ လူထုရဲ့ သွားရေးလာရေး၊ လူထုသက်သာချောင်ချိရေး၊ လူထုအေးချမ်းတည်ငြိမ်ရေးနဲ့ လူထုအနာဂတ်ရေးတွေဟာ – မျှော်လင့်ချက်မဲ့ ဖြစ်လာနေပါတယ်။ လက်ရှိ ပစ္စုပ္ပန် တည့်တည့်မှာကို၊ အသက်ရှု ပေါက် မချောင်အောင် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တမင်လုပ်ယူ ဖျက်ဆီးနေတာကို တွေ့ရပါတယ်။ လူ့ပယောဂ တွေရဲ့ ကပ်ဘေးကို ယခု လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပါတယ်။
၃။ လူထုအပေါ် ထားတဲ့ စေတနာ ဆိုတာတွေကို ဂတိအစွဲအလမ်းကင်းကင်းနဲ့ ဆန်းစစ်နိုင်မှ ကောင်းပါလိမ့်မယ်။ “စေတနာနဲ့ ငရဲပို့လိုက်သည်” ဆိုတာမျိုး မဖြစ်စေဖို့ အထူး သတိချပ်ရပါလိမ့်မယ်။ ဘက်အစွဲတွေ ဒင်းကြမ်းပြည့် နှက်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ အငြိုးတရား အမုန်းတရား အာဃာတနဲ့ အတုံ့အလှည့်တွေကို တွေ့နေရပါ တယ်။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ – နူရာ ဝဲဆွဲ၊ လဲရာ သူခိုးထောင်း၊ မြွေပူရာ ကင်းမှောင့်၊ ရေနစ်သူ ဝါးကူထိုး၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်၊ ဘယ်သူသေသေ ငတေမာပြီးရော – အမူအကျင့် တွေကို ကြိမ်ဖန်များစွာ တွေ့မြင်ကြုံတွေ့နေရရှာတယ်။
၄။ ဆင်ခြင်တုံတရားအားဖြင့် ချို့တဲ့နေသူတို့အပေါ် ဝါဒဖြန့်ချိရေးနဲ့ အမှောင်ကို လွှမ်းထားလိုက်ကြပါတယ်။ အသိတရားသိမ်ဖျင်းနေသူတို့အပေါ် လှည့်စားမှုတွေနဲ့ အလင်းပိတ်ထားလိုက်ကြပါတယ်။ စေတနာနုပ်နည်းသူ တို့အပေါ် အတ္တနဲ့ ပိတ်လှောင်ထားလိုက်ကြပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ လူအုပ်ကြီးကို လွန်ဆန်ပြီး အရှိပကတိအမှန်ကို ပြောနိုင်မှာပါလဲ။
၅။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းအစဉ်ဇယားကို ကြေညက်စွာ နားမလည်ခြင်းအပြင် တတ်ယောင်ကား တစ်ဇောက်ကန်း လူအုပ်ကြီးနဲ့ ပညာမဲ့ လူမိုက်ကြီးတွေရဲ့ ပယောဂအမှောင်တိုက်ကပ်ဘေးကနေ မြန်မာ့လူ့အဖွဲ့ အစည်းက အလျင်အမြန် ရုန်းထွက်နိုင်ကြဖို့ သင့်ပါပြီ။ ပညတ္တိကမ္ဘာကြီးမှာ ကိုယ်စီကိုယ်စီ အစွဲအလမ်းတွေနဲ့ ပူးကပ်တည်ဆောက်ထားတဲ့ ဥပါဒါန်တွေဟာ ဘေးဥပဒ် အပြင်းထန်ဆုံး ရောက်အောင် ကျေးဇူးပြု ထောက်ပံ့နေကြပါပြီ။
အယ်ဒီတာ
၂၀၂၂ ဩဂုတ် ၁၉