တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက Gaziantepမြို့နဲ့ Derik မြို့မှာ ယာဉ်မတော်မဆမှုတွေကြောင့် အနည်းဆုံး လူ ၃၂ဦး သေဆုံးခဲ့တယ်လို့ တူရကီအာဏာပိုင်တွေကပြောတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၀ရက်နေ့ မနက်၁၁နာရီလောက်က Gaziantepမြို့က လမ်းမတခုမှာ ယာဉ်မတော်တဆမှုတခုဖြစ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ လူအုပ်ကို နောက်ကလာတဲ့ ဘက်စ်ကားတစီးက ဝင်တိုက်ခဲ့တာကြောင့် ဂျာနယ်လစ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေ အပါအဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်အယောက် ၂၀ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ မီးသတ်တပ်ဖွဲ့တွေ၊ ဆေးအကူတွေနဲ့ အခြားကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကူညီနေချိန်တွင်းမှာပဲ မီတာ ၂၀၀အကွာကနေ ဘက်စ်ကားတစ်စီးက ထပ်ပြီး ဝင်တိုက်ခဲ့တာပါ။
ဒါ့အပြင် Derik မြို့မှာလည်း အလားတူယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ယာဉ်တိုက်မှုတခုဖြစ်လို့ အရေးပေါ်ဝန်ထမ်းတွေ ကယ်ဆယ်ရေးလုပ်နေချိန် ထရပ်ကားတစီးက အဲဒီနေရာကို ဝင်တိုက်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ လူပေါင်း ၁၆ဦးသေဆုံးခဲ့ပြီး ၂၉ဦး ထိခိုက်ဒဏ်ရာရကာ အဲဒီထဲက ၈ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca ကပြောကြားခဲ့ပါတယ်။