
တရုတ်အာဏာပိုင်တွေက အပူလှိုင်းမြင့်တက်မှုကြောင့် တောမီးတွေကို ငြိမ်းသက်နေရချိန်မှာ အခုနှစ်ရဲ့ ပထမဆုံး အမျိုးသားအဆင့် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ယန်ဇီမြစ်ဝှမ်းကိုဖြတ်ပြီး ပြင်းထန်တဲ့အပူချိန်ဒဏ်ကနေ ကောက်ပဲသီးနှံတွေကို ကာကွယ်ဖို့ အထူးအဖွဲ့တွေကိုလည်း စုရုံးထားတယ်လို့ သိရပါတယ်။
အနောက်တောင်ဘက်ရှိ စီချွမ်ကနေ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသရှိ ရှန်ဟိုင်းမြို့အထိ ရက်သတ္တပတ်များစွာ အပူဒဏ်ကို ကြုံတွေ့ခဲ့ရပြီးနောက် ဩဂုတ်လ ၁၈ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ‘အဝါရောင်သတိပေးချက်’ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
“တရုတ်နိုင်ငံအလယ်ပိုင်း Jiangxi ပြည်နယ်ရှိ Poyang ရေကန်ဟာ ခုနှစ်မှာဆိုရင် ပုံမှန်အရွယ်အစားထက် လေးပုံတစ်ပုံအထိ နည်းသွားခဲ့တယ်” လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဩဂုတ်လ ၁၈ရက်နေ့မှာ ပြောဆိုထားပါတယ်။
“Chongqing အနောက်တောင်ပိုင်းဒေသ ခရိုင် ၃၄ ခုမှာရှိတဲ့ မြစ် ၆၆ စင်းလည်း ခမ်းခြောက်သွားပြီး မိုးရေချိန်ဟာလည်း ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း ကျဆင်းလာကာ မြေဆီလွှာ အစိုဓာတ်တွေ အလွန် နည်းပါးနေတယ်” လို့ ဒေသဆိုင်ရာ အစိုးရ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဒီကနေ့ ဩဂုတ်လ ၁၉ရက်နေ့မှာ ပြောဆိုထားပါတယ်။
ဩဂုတ်လ ၁၈ရက်နေ့ နောက်ပိုင်းမှာ တရုတ်နိုင်ငံ အရေးပေါ်ဌာနကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံဟာ ဇူလိုင်လ တစ်လတည်းမှာတင် မြင့်မားတဲ့ အပူချိန်တွေကြောင့် စီးပွားရေး ဒေါ်လာ သန်း ၄၀၀ တိုက်ရိုက် ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၅ ဒဿမ ၅ သန်းကို ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အပူလှိုင်းဟာ သြဂုတ် ၂၆ ရက်လောက်မှ စပြီး လျော့ကျလာမယ်လို့ ပြည်နယ်မိုးလေဝသ ခန့်မှန်းသူတွေက အခိုင်အမာ ပြောဆိုထားပါတယ်။