ကော့ကရိတ်မြို့နယ်အတွင်းက Non CDM ဝန်ထမ်းတွေ အနေနဲ့ မြို့နယ်အတွင်းက အမြန်ဆုံးထွက်ခွာဖို့ ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဩဂုတ် (၁၅) ရက်က သတိပေးထုတ်ပြန်လိုက်ပါတယ်။
“ဟိုဘက်(တော်လှန်ရေးတပ်များ)က ပြည်သူတွေအထိအခိုက်မရှိအောင်တိုက်ခိုက်တယ်။ စကစတွေကတော့ ရမ်းသမ်းပစ်တော့ ရွာသား တွေနစ်နာရတယ်။ဒီလိုဝန်ထမ်းတွေရှိလို့လည်း စကစက လည်ပတ်နိုင်တာ” လို့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကော့ကရိတ်မြို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
Non CDM ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
“ကိုယ့်အပေါ်အန္တရာယ်ရှိတယ်ဆို ဘယ်အလုပ်မှ မလုပ်သင့်ပါဘူး၊ဘယ်လိုပြောရမလဲ ဖြစ်နိုင်ရင်တော့ မနေ တာအကောင်းဆုံးပေါ့၊ ကိုယ်ကတော့မနေပါ၊နေခိုင်းရင် ထွက်ဖို့လုပ်ပြီးသား” လို့ ကရင်ပြည်နယ်အတွင်း ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်က ရဲစခန်းကို ဩဂုတ် (၁၅)ရက် မနက်ပိုင်းမှာ KNLA ပူးပေါင်းစစ်ကြောင်းက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ်ပိုင်းလောက်အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး တိုက်ပွဲအတွင်း မြို့နယ်ရဲမှူး အပါအဝင် စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး ၂ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲ့ဒီတိုက်ပွဲအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအမြောက်အများပစ်ခတ်ခဲ့တာကြောင့် ကော့ကရိတ်မြို့ နယ်အတွင်း ကျေးရွာတချို့က ပြည်သူတွေထိခိုက်မှုတွေရှိခဲ့တဲ့နောက် တနေ့တည်းမှာပဲ ကရင်ပြည်နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က Non CDM ဝန်ထမ်းတွေ ထွက်ခွာကြဖို့သတိပေးစာထုတ်ပြန်ခဲ့တာပါ။
ဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးဖို့ ရည်ရွယ်ချက်ချက်ရှိရှိ လုပ်တာဖြစ်တယ်လို့ ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝေဖန်ထားပါတယ်။
“ပြောမတတ်တော့ပါဘူး မြို့ထဲနေတဲ့သူနဲ့။ ရွာမှာဆိုလည်း ရွာခံနဲ့ ဘယ်သွားကြရမလဲ။ ဒီလိုပဲ ကိုယ့်အလုပ်ကိုယ် လုပ်ကြရင်း သတိနဲ့နေကြရမှာပေါ့။ Non လုပ်တိုင်း ထောက်ခံအားပေးနေကြတာမှမဟုတ်တာလေ မိသားစု စီးပွားရေးအရ ရှိသေးကြတာကိုး” လို့ ကရင်ပြည်နယ်အတွင်းက CDM လှုပ်ရှားမှုမပါဝင်ဘဲ ကျောင်းတက်နေတဲ့ ဒေသခံဆရာမတစ်ဦးက ဆိုပါတယ်။