ဟားခါး-ထန်တလန်လမ်းပေါ်က သီမစ်ချောင်းတံတားပြန်လည်ပြင်ဆင်ဖို့ စစ်ကောင်စီအပြင်းအထန်ကြိုးပမ်းနေ

ဟားခါးမြို့ အနောက်ဘက် ဆယ်မိုင်ဝန်းကျင်မှာရှိတဲ့ ဟားခါး-ထန်တလန်လမ်းပေါ်ကသီမစ်ချောင်းတံတားကို ပြန်လည်ပြင်ဆင်နိုင်ဖို့ စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေပေမယ့် တလခွဲကျော်ကြာတဲ့အထိ ပြင်ဆင်နိုင် ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
” စစ်တပ်က သီမြစ်တံတားကိုပြင်ချင်တာ စစ်ရေးအရရော၊ ထန်တလန် ပြန်လည်ထူထောင်ရေး ဗန်းပြချင်တာ ရောပေါ့” လို့ ဟားခါးမြို့မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
သီမစ်ချောင်းတံတားဟာ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြား လမ်းပန်းဆက်သွယ်ရေးအတွက် အရေး ပါပြီး လက်ရှိမှာ ဒီတံတားပျက်စီးနေတာကြောင့် မြို့နှစ်မြို့ကြား ကားနဲ့ကူးသန်းသွားလာလို့မရဖြစ်နေတာပါ။ ဒါ ကြောင့် စကစ စစ်ယာဥ်တန်းတွေလည်း ဒီမြို့နှစ်မြို့ကြား ကူးသန်းသွားလာလို့မရတာ တလခွဲကျော်ကြာခဲ့ပါပြီ။
သီမစ်ချောင်းတံတားကို ပြုပြင်ဖို့ ဆောက်လုပ်ရေး ပစ္စည်းတွေပါတဲ့ ကား ၂၇စီးပါ စစ်ယာဥ်တန်းဟာ ဇွန်လ ၂၉ ရက်နေ့မှာ ကလေးမြို့ကနေ စတင်ထွက်ခွာခဲ့ပေမယ့် လမ်းတလျှောက် ဒေသကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီနောက် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီစစ်ယာဥ်တန်းက ဟားခါးမြို့ကိုရောက်ရှိခဲ့ပြီး သီမစ်ချောင်း တစ် ဝိုက်မှာ စစ်အင်အားဖြည့်တင်းခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်တွေက တိုက်ထုတ်တာကြောင့် ဟားခါးမြို့အထိ ပြန်ဆုတ်ခွာခဲ့ရတာပါ။
ဇူလိူင်လကုန်ပိုင်းက စတင်ဖြစ်ပွားနေတဲ့ သီမစ်ချောင်းတဝိုက် တိုက်ပွဲတွေမှာ CNA၊ CDF-Zophei၊ CDF-Hakha၊ CDF-Thantlang၊ CDF-Lautu၊ CDF-Mara နဲ့ CJDC တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ အထိနာကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှာလည်း ထိခိုက်မှုတချို့ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ၂၀၂၁ခုနှစ်အတွင်း ထန်တလန်မြို့ကို မီးရှို့ချိန်မှာ ဒေသတွင်း စစ်ရေးအရလည်း အရေးပါတဲ့ သီမစ်ချောင်းတံတားကို ဒေသကာကွယ်ရေးတပ်တွေက စတင်ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီဖောက်ခွဲမှုမှာ တံတားတစ်ဖက်သာပြိုကျခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိူင်လ ၂၈ ရက်နေ့မှာ ဒေသခံကာကွယ်ရေး တပ်တွေက ဒုတိယအကြိမ်ထပ်မံဖောက်ခွဲခဲ့တဲ့အတွက် တံတားနှစ်ဖက်လုံးပြိုကျခဲ့တာဖြစ်ပါတယ်။