ထိုင်ဝမ်ကျွန်းအနီး တရုတ်က စစ်ရေးလေ့ကျင့်မှုထပ်လုပ်မယ်လို့ ကြေညာ

Photo – AP

ဩဂုတ်လ ၁၅ရက်နေ့က ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တွေ့ဆုံနေတဲ့အချိန်မှာပဲ ထိုင်ဝမ်အနီးတစ်ဝိုက် နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ ထပ်လုပ်မယ်လို့ တရုတ်က ကြေညာခဲ့ပါတယ်။ 

အလားတူ မကြာသေးမီက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီရဲ့ အလည်အပတ်ခရီးဟာ တရုတ်ကို ဒေါသထွက်စေခဲ့ပြီး ခုလိုထပ်ကြေငြာလိုက်တာဟာ တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ ပြန်လည်စတင်ဖို့  ခြိမ်းခြောက်လိုက်တာလို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန် ထိပ်တန်းအရာရှိတွေ ထိုင်ဝမ်ကို လာရောက်တာက တရုတ်ကို ဒေါသထွက်စေခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ၁၅ရက်နေ့ နှောင်းပိုင်းမှာ ပြန်လည်း ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်အနီး လေကြောင်းနဲ့ ရေကြောင်းပိုင်နက်အနီးမှာ စစ်ရေးလေ့ကျင့်မှုအသစ်တွေကို တရုတ်က ကြေညာပြီးတဲ့နောက် “တရုတ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့ ပြတ်သားပြီး ခိုင်မာတဲ့ စီမံချက်တွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလိမ်လည်ဖို့ ညှိထားတဲ့ အမေရိကန် နိုင်ငံရေးသမား လက်တစ်ဆုပ်စာလောက်ဟာ တရုတ်တစ်ပြည်တည်း မူဝါဒကို စိန်ခေါ်ဖို့ ကြိုးစားနေကြတယ်” လို့ Wang က ဆက်ပြီး ပြောထားပါတယ်။

အရင်အကြိမ်တွေနဲ့မတူတာကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဘယ်နေရာ ဘယ်အချိန်မှာ စစ်ရေးလေ့ကျင့်မယ်ဆိုတာနဲ့ ပတ်သတ်ပြီး အသေးစိတ်ဖော်ပြမထားတာကြောင့် တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံရေးသမားတွေနဲ့ ထိုင်ဝမ်အစိုးရတို့ကြား နှစ်နိုင်ငံဆက်ဆံမှုနဲ့ လက်နက်ရောင်းချမှုကနေ တဆင့် ကျွန်းရဲ့လွတ်လပ်ရေးကို အမေရိကန်က အားပေးနေတယ်လို့ တရုတ်က စွပ်စွဲထားတာပါ။

အမေရိကန်နဲ့ ထိုင်ဝမ်တာဝန်ရှိသူတွေကလည်း  တရုတ်ဟာ နန်စီ ပလိုစီရဲ့ ခရီးစဉ်ကို အကြောင်းပြချက်တခုအဖြစ် အသုံးချပြီး ထိုင်ဝမ်ကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။