ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုထားတဲ့ အဂတိအမှု ၄ မှု အတွက် ၁ မှု ကို ထောင်ဒဏ် ၃ နှစ် နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပြီး ၊ အမှု( ၃ )ခုအတွက်ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံရမှာ ဖြစ်တဲ့အတွက် ထောင်ဒဏ် ၆ နှစ် ကျခံရမှာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်း က DNA ကိုပြောပါတယ်။
နေပြည်တော်မှာ လရောင်တောစီမံကိန်း ခေါင်းစဉ်အောက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သက်မွေးသင်တန်းကျောင်း ဆောက်လုပ်ရာမှာ မြေနေရာရယူခြင်း ၊ အဆောက်အဦး ဆောက်လုပ်တာတွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်လို့ဆိုပြီး အမှု ၃ မှုဖွင့် လှစ်တရားစွဲဆိုခဲ့တာပါ။
အဲဒီအမှု ၃မှုအတွက် ၁မှု ကို ထောင်ဒဏ် ၃နှစ်စီ နဲ့ ထောင်ဒဏ် ၉နှစ်ချမှတ်ခဲ့ပေမယ့် တစ်ပေါင်းတည်းကျခံရမှာ ဖြစ်တဲ့အတွက် ထောင်ဒဏ် ၃ နှစ်သာ ချခံရမှာ ဖြစ်ပြီး နောက်ထပ်သီးခြား အမှုတစ်ခုဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်မြို့ တက္ကသိုယ်ရိပ်သာလမ်းက ခြံအမှတ် ၆၀ ကို ဌားရမ်းခဲ့ရာမှာလည်း အဂတိလိုက်စားမှုရှိတယ်လို့ဆိုပြီး တရားစွဲဆိုခဲ့တဲ့ အမှုတစ်ခုအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့ အတွက် စုစုပေါင်း ထောင်ဒဏ် ၆နှစ် ထပ်မံ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု အပါအဝင် တခြားဥပဒေ ပုဒ်မတွေနဲ့ အမှုပေါင်း ၁၈ ခုထိ ဖွင့်လှစ်ပြီး တရားစွဲဆိုထားကာ လက်ရှိအချိန်အထိ အမှုပေါင်း ၁၁ မှု အတွက် ထောင်ဒဏ် ၁၇ နှစ်ထိ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။