နျူဖျက်သိမ်းရေးအပေါ်  ကုလအကြီးအကဲရဲ့ ထောက်ခံချက်ကို မြောက်ကိုရီးယား ဝေဖန်

Photo – AP

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေးကို ထောက်ခံတယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ ကန့်ကွက် ဝေဖန်လိုက်ပါတယ်။

အဲဒီမှတ်ချက်တွေဟာ သမာသမတ်ကျမှုနဲ့ တရားမျှတမှု ကင်းမဲ့နေတယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားတာပါ။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနဲ့ တွေ့ဆုံချိန် မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက် လုံးဝ ဖျက်သိမ်းဖို့ အားထုတ်နေတာတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်က ဩဂုတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

“ကိုရီးယားကျွန်းဆွယ်အရေးကိစ္စနဲ့ ပတ်သတ်ပြီးကုလသမဂ္ဂ အထွေထွေအတွင်း‌ရေးမှူးချုပ်ရဲ့ မှတ်ချက်တွေ အပေါ် လေးလေးနက်နက် စိတ်မကောင်း ဖြစ်မိတယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့  ဒုဝန်ကြီး Kim Son Gyong (ကင်မ်ဆုံဂျောင်)က ကြောငြာချက်တစ်စောင်မှာ ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်မှာ စံချိန်တင် ဒုံးကျည်အရေအတွက်ကို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒါဟာ ရပ်တန့်နေတဲ့ နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေကြားမှာ ၂၀၁၇ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အနေနဲ့ နျူးကလီးယားလက်နက်စမ်းသပ်ဖို့  ပြင်ဆင်နေပုံရတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက ပြောဆိုထားတာလည်း ဖြစ်ပါတယ်။