ကလေးမြို့နယ်တောင်ပိုင်း ၊ ချောင်းခွရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သြဂုတ်လ (၁၂)ရက်နေ့၊ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်း ချောင်းခွရွာရှိ လူနေအိမ်တွေကို မီးရိူ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးတာကြောင့် နေအိမ် (၁၁)လုံးနဲ့ စပါးကျီ တခု မီးလောင်ပြာကျခဲ့တယ်”လို့ ဆိုပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ ကလေးမြို့ဘက်ကနေ ချင်းတောင်ခြေအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ (၂)ရက်နေ့ကစ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ (၄)ရက်နေ့နဲ့ (၆)ရက်နေ့တွေမှာ သာယာကုန်းရွာက နေအိမ် (၅၆)လုံးကို မီးရိူ့ဖျက်ဆီးခဲ့ပြီး သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်းမှာ ချောင်းခွကျေးရွာက နေအိမ် ၁၁ လုံးကို ဆက်လက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ်လ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာ နှစ်ရွာ ကိုလည်း မီးရှို့ခဲ့ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ကလေးမြို့နယ်တောင်ပိုင်းနဲ့ ကလေးမြို့ အကြား ယာဉ်သွားလာမှုတွေ မရှိသလောက်နည်းပါးနေတာ ၁၀ရက်ကျော်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
Photo -CJ