ထိုင်းမှာ အလုပ်သမားတွေကို အခြေခံလုပ်အားခ တိုးပေးဖို့ စီစဉ်နေ

ထိုင်းနိုင်ငံမှာ လာမယ့် အောက်တိုဘာ (၁)ရက်နေ့မှစပြီး အခြေခံလုပ်အားခ ဥပဒေသစ်အရ အနိမ့်ဆုံး တစ်ရက်လုပ်အားခကို ခရိုင်အလိုက် မူတည်ပြီး တိုးပေးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဆူချတ် ချွမ်ကလင်က ပြောကြားခဲ့ပါတယ်။
ဒါဟာ နှစ်နှစ်အတွင်း ပထမဆုံး လုပ်အားခတိုးပေးဖို့ စီစဉ်တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုကြောင့် အခက်တွေ့နေရတဲ့ အလုပ်သမားတွေကို ကူညီဖို့လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း (၇၇)ခုရှိပြီး အခြေခံလုပ်အားခကို (၅) ရာခိုင်နှုန်းကနေ (၈) ရာခိုင်နှုန်းအထိ
အထွေထွေအလုပ်သမားတွေကို တိုးမြင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အနိမ့်ဆုံး တစ်ရက်လုပ်အားခကို (၃၂၉)ဘတ်ကနေ (၃၅၃)ဘတ်အထိ တိုးသွားပေးနိုင်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနကို ကိုးကားပြီး Reuters သတင်းဌာနက ဩဂုတ်လ (၈)ရက်နေ့မှာ ဖော်ပြထားပါတယ်။
“ဒီကိစ္စကို အမြန်ဆုံးဖြစ်စေချင်ပြီး ဘာဖြစ်လို့လည်းဆိုတော့ စားဝတ်နေရေးကုန်ကျစရိတ်ကြောင့် လူတွေအခက်အခဲဖြစ်ကြတယ် ၊ ကျနော်တို့အနေနဲ့လည်း လုပ်ခလစာကိစ္စကို အချိန်အတော်ကြာ မညှိနှိုင်းနိုင်ခဲ့ကြဘူး”လို့ အလုပ်သမားဝန်ကြီး ဆူချတ်ချွမ်ကလင်က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ လစဉ် အခြေခံလုပ်အားခ ဘတ် (၉,၈၇၉) ကနေ ဘတ် (၁၀,၅၉၀)အထိရှိပြီး အရှေ့တောင်အာရှရဲ့ အများဆုံးအခြေခံလစာထဲမှာ ပါဝင်တယ်လို့ စစ်တမ်းအသစ်တခုကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။