မွန်တီနီဂရိုးနိုင်ငံမှာ ပစ်ခတ်မှုအတွင်း ကလေးငယ် နှစ်ဦး အပါအဝင် ဆယ့်တစ်ဦးသေဆုံး

Photo – AP
 
ဥရောပအရှေ့တောင်ပိုင်းက မွန်တီနီဂရိုးနိုင်ငံ ၊ Cetinje မြို့မှာ ဩဂုတ်လ ၁၂ ရက်နေ့က အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုအတွင်း ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ RTCG ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
ရဲချုပ် Zoran Brđanin ရဲ ပြောဆိုချက်အရ သေနတ်သမားဟာ သူ့ဆီမှာ အိမ်ငှားနေတဲ့ မိသားစုကို ပထမဆုံး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“သူဟာ အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်ခတ်တာကြောင့် အသက် ၈နှစ်နဲ့ ၁၁နှစ်ကြား ကလေးနှစ်ယောက်က နေရာမှာတင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူကတော့ ဒါဏ်ရာရခဲ့ပါတယ်၊ အဲဒီနောက် သူက လမ်းပေါ်ထွက်ပြီး အဲဒီမှာ အခြေချနေထိုင်သူတွေကို ပစ်ခတ်ခဲ့တာပါ၊ အမေဖြစ်သူလည်း ဆေးကုသရေးဌာနမှာပဲ သေဆုံးသွားခဲ့တယ်” လို့ Brđanin က ပြောဆိုပါတယ်။
 
သေနတ်သမားဟာ လမ်းပေါ် လျှောက်သွားပြီး နောက်ထပ် လူ ၁၃ ဦးကို ကြုံသလို ပစ်ခတ်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
 
လမ်းသွားလမ်းလာတစ်ဦးရဲ့ လက်ချက်ကြောင့် သေနတ်သမား သေဆုံးသွားပြီး ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူ ၉ ဦးကတော့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပြီး ၂ ဦးက ဆေးရုံမှာ ကုသမှုခံယူရင်း သေဆုံးခဲ့တယ်လို့ မှုခင်းစုံစမ်းစစ်ဆေးရေး ညှိနှိုင်းဆောင်ရွက်နေတဲ့ အစိုးရရှေ့နေ Andrijana Nastic က ပြောပါတယ်။
 
“ကျန်ရစ်သူမိသားစုတွေနဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရသူအားလုံးကို အလေးအနက်ထားပြီး ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်၊ ကျွန်တော်တို့အားလုံးဟာ ဒီလိုခက်ခဲတဲ့ကာလမှာ လူ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သူတို့နဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ရမှာ ဖြစ်တယ်” လို့ မွန်တီနီဂရိုးသမ္မတ Milo Đukanović က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။