အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

Photo – AFP

ဂါဇာကမ်းမြောင်ဒေသမှာ တစ်နှစ်ကျော်အတွင်း အဆိုးရွားဆုံး ပစ်ခတ်မှုတွေကို အဆုံးသတ်ဖို့အတွက် အစ္စရေးနဲ့ ပါလက်စတိုင်း အစ္စလာမ် ဂျီဟတ်စစ်သွေးကြွအဖွဲ့တို့ဟာ သြဂုတ်လ ၇ ရက်နေ့နှောင်းပိုင်းမှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ပါလက်စတိုင်းပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန် ည ၁၁နာရီခွဲအချိန်မှာတော့ သိသိသာသာ လျော့ပါးသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို ဖျန်ဖြေပေးပြီး အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးတဲ့အတွက် အီဂျစ်ကို ကျေးဇူးတင်တယ်လို့ ဂျီဟတ်နဲ့ အစ္စရေးတို့က သီးခြားထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။

ဒီတိုက်ပွဲမှာ နှစ်ဖက် ဒုံးကျည်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတာဝန်ရှိသူတွေကတော့ အခုအချိန်အထိ ပါလက်စတိုင်းနိုင်ငံသား ၄၄ ဦးသေဆုံးခဲ့ပြီး ထက်ဝက်နီးပါးမှာ အရပ်သားတွေအပါအဝင် ကလေးငယ်တွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

ကြေညာချက်တစ်စောင်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်က အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး အရပ်သား သေဆုံးဒဏ်ရာရမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်၊ ပြင်သစ် ၊ အိုင်ယာလန်၊ နော်ဝေးနဲ့ ယူအေအီးနိုင်ငံတို့ကလည်း ဒီကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတရပ် ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။