“လုပ်ဖေါ်ကိုင်ဖက်တွေ အကုန်လုံးက စိတ်ပျက်နေကြပြီ ၊ အကုန်ထွက်ပြေးချင်နေကြပြီ” လို့ တပ်ကြပ်ကြီး ဇော်မင်းဦးက ပြောပါတယ် ။
သူဟာ ဩဂုတ်လ ၃ ရက်နေ့က KNU ဆီခိုဝင်လာတဲ့ တပ်မ ၄၄ လက်အောက်ခံ ၊ ခမရ ၂ က စစ်မှုထမ်းသက် ၃၀ ရှိတဲ့ တပ်ကြပ်ကြီးတဦး ဖြစ်ပါတယ် ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူး – ဝေါလေ ကားလမ်းပေါ်က သုံးထပ်ကွေ့ နေရာကို စစ်ကြောင်းထိုးနေတဲ့ စကစရဲ့ တပ်မ ၄၄ စစ်ကြောင်းထဲကနေ အခြား တပ်သား ၃ ဦးနဲ့အတူ ထွက်ပြေးလာခဲ့ပြီး KNU ဆီခိုဝင်လာခဲ့တာပါ ။
“ကျွန်တော့ စစ်သားလုပ်သက် ၃၀ ရဲ့ လုပ်သက်စုကြေး ၊ ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ဖို့ နှစ်ရက်လောက်တော့ စဉ်းစားချင့်ချိန်ခဲ့တယ် ၊ တွေးတယ် ၊ ဆုံးဖြတ်တယ်” လို့သူ ခပ်ဖြေးဖြေးပြောပါတယ် ။ ဘဝသက်တမ်းရဲ့ ထက်ဝက်ကျော် မြုပ်နှံလာတဲ့ အဖွဲ့အစည်းတခုအတွင်းကနေ ရုန်းထွက်ပြေးဖို့ သူ့ကို ဘယ်လိုအကြောင်း တရားတွေက တွန်းအားပေးခဲ့ပါသလဲ ။ တပ်ကြပ်ကြီး ဇော်မင်းဦးကတော့ စစ်တိုက်လိုစိတ်ကို မရှိတော့တာလို့ ပြောပါတယ် ။
“သုံးထပ်ကွေ့ကို ဘယ်လိုမှ ကျော်မရ ၊ တက်မရ ဖြစ်နေတာကို အတင်းထိုးတက်ခိုင်းနေတယ် ။ ထိတယ် ၊ ကျတယ် ၊ ဘယ်လိုမှ မနားရ ၊ အစားအစာ မရ ၊ ရေတောင် တွေ့ရာဗွက်ရေ သောက်ပြီးနေနေရတယ်” လို့ ရှေ့တန်းမှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
စကစဟာ ဇူလိုင်လ ၇ ရက်နေ့ကစပြီး သုံးထပ်ကွေ့ကို နေ့စဉ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေခဲ့တာပါ ။ မြေပြင်အင်အားတွေ အပြင် လက်နက်ကြီးပစ်ကူတွေ ၊ လေကြောင်းတိုက်ခိုက်မှု တွေနဲ့ပါ နယ်မြေပိုင်စိုးမှု ရဖို့ကြိုးစားနေပေမယ့် နယ်မြေကျွမ်းကျင်ပြီး ၊ စစ်ရေးထက်မြက်တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကို မယှဉ်သာနိုင်တဲ့ အခြေအနေ ကြုံတွေ့နေရတာပါ ။ ဒါပေမယ့် စကစရဲ့ တပ်မမှူး ၊ ဗျူဟာမှူးတွေကတော့ အောက်ခြေရဲဘော်တွေကို ဖိနှိပ် အမိန့်ပေးခိုင်းစေနေပြီး ရှေ့တန်းမှာ ရိက္ခာမပြည့်စုံတာ ၊ တပ်ရင်းနောက်ချန် မိသားစုတွေအတွက် စစ်သည်ရပိုင်ခွင့်တွေ မရတာ ၊ စုကြေးတွေကို ခေါင်းပုံဖြတ် ဖြတ်တောက်တာတွေလည်း ရှိနေတဲ့အတွက် စစ်ဆက်တိုက်ဖို့ စိတ်မပါတော့တာလို့ တပ်ကြပ်ကြီး ဇော်မင်းဦးက ပြောပါတယ် ။
“ စစ်တိုက်ဖို့ စိတ်မပါတော့တာ အရာရှိ စစ်ဗိုလ်တွေအထိ ရှိတယ် ။ CDM လုပ်လို့ သေနတ်ယူပြီး ထွက်ပြေးရင် သေဒဏ် ၊ ပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ်”လို့ ဆိုပါတယ်။
တပ်ပြေးတွေကို အပြစ်ဒဏ်ပေးရာမှာ ဥပဒေအတိုင်းမဟုတ်ပဲ ဥပဒေမဲ့ စီရင်မှုတွေက တပ်ထဲမှာ အရင်ကတည်းက ရှိနေခဲ့တယ်လို့ နွေဦးတော်လှန်ရေး အစောပိုင်းကတည်းက CDM လုပ်လာခဲ့တဲ့ ဗိုက်ကြီး Mr Rev Park (အမည်ဝှက်)က DNA ကိုပြောပါတယ်။
“အခု နွေဦးတော်လှန်ရေး ဖြစ်တော့မှ မဟုတ်ဘူး ၊ အရင်ကတည်းက ဒီလိုမျိုး ဖြစ်စဉ်တွေ ဗမာ့တပ်မတော်မှာ အမြောက်အများ ဖြစ်ခဲ့တာ ။ တကယ်လည်း လက်နက်နဲ့ ပြေးတဲ့ တပ်ပြေးတွေကို လိုက်ဖမ်းပြီး တကယ်ဆို စစ်ဖက်ဥပဒေအရ အရေးယူရမယ် ၊ တန်းပြည့်စစ်မှု့ထမ်းချိန်မှာ လက်နက်နဲ့ ပြေးရင် တကယ်လည်း သေဒဏ်ပေးလို့ရတယ် ၊ ဒါပေမယ့် စစ်ဥပဒေနဲ့ စစ်ခုံရုံးနဲ့ အရေးမယူပဲ on the sport သတ်ပစ်လိုက်တာတွေ များတယ်”လို့ ဆိုပါတယ်။
တပ်ကြပ်ကြီး ဇော်မင်းဦးနဲ့အတူ ထွက်ပြေးလာခဲ့တဲ့ တပ်သား ဟိန်းစိုးကလည်း သူတို့ စစ်မတိုက်ချင်တော့ဘူးလို့ ပြောပါတယ်။ “ရှေ့တန်းထွက်နေရတာ ၃ နှစ်နီးပါးရှိနေပြီ ။ မိသားစုဆီ မပြန်ရသေးဘူး ။ ကျွန်တော်တို့ သေရင်လည်း သေပါစေတော့ ဆိုပြီး တပ်ကြပ်ကြီးနဲ့ အတူပေါင်းလေးယောက်ပေါ့ စိတ်တူကိုယ်တူ ပြေးလာတာ ။ နောက်မှာလည်း အရာရှိ အဆင့်တွေ ပြေးကြပြီ”လို့ ပြောပါတယ် ။
စကစရဲ့ တပ်မမှူးတွေ ၊ ဗျူဟာမှူးတွေက မြေပြင်က စစ်သားတွေကို တပ်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်သလို ၊ ထွက်ပြေးလာတဲ့သူတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကမိတဲ့အခါ သတ်ပစ်လိမ့်မယ်လို့လည်း တပ်အတွင်းမှာ ဝါဒဖြန့်ပါတယ် ။
“သူတို့က ပြောတယ် ၊ မင်းတို့ထွက်မပြေးနဲ့ KNU ကမိရင် မင်းတို့ကို သတ်မှာ ။ ငါတို့က ပြန်မိရင်လည်း သတ်ရမှာ ၊ မင်းတို့ မပြေးကြနဲ့ဆိုပြီး ခြိမ်းခြောက်တယ်၊ ဒါပေမယ့် စားစရာကျ မပေးဘူး”လို့ တပ်သား ဟိန်းစိုးက ပြောပါတယ်။
“ကျွန်တော်တို့ ပြေးလာတော့ စိတ်ထင့်နေသလို KNU ကသတ်မှာလား ၊ ကောင်းကောင်းထားပါ့မလား စိုးရိမ်ခဲ့ပေမယ့် ၊ တကယ့်လက်တွေ့မှာတော့ KNU လူကြီးတွေက လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးတာတွေ့ရမှ စိတ်ထဲအေးသွားလို့”တပ်ကြပ်ကြီး ဇော်မင်းဦးကလည်း ပြောပါတယ်။
အခုဆိုရင် စကစရဲ့ ရှေ့တန်းကနေ အလင်းဝင်ရောက်လာတဲ့ အရေအတွက်ဟာ ၃၀၀ ကျော်နေပြီလို့ KNU ရဲ့ ပြောရေးဆိုခွင့် တာဝန်ခံ ပဒိုစောတောနီးက DNA ကိုပြောပါတယ်။
“သူတို့ကို ဘယ်လိုနေရာချထားရမလဲ အဲဒါ အခက်ခဲဆုံးပဲ ၊ နောက်ပြီး သူတို့ကျတော့ ရိုးရိုးသာမန်သူတွေ ၊ ရိုးရိုး CDM လုပ်တဲ့သူတွေ မဟုတ်ဘူးလေ ၊ ဆိုတော့ ပြသနာရှိတာက ဒေသခံတွေနဲ့ သွားရောလို့ မရဘူး ၊ ဒေသခံတွေနဲ့ သွားရောထားလို့ မရတဲ့အပြင် အခုအာဏာသိမ်းပြီး နောက်ပိုင်း ထွက်ပြေးလာတဲ့ အရပ်သားတွေနဲ့ ရောထားလို့လည်း အရပ်သားတွေက မကြိုက်ဘူး ။ သူတို့အတွက် နည်းနည်းတော့ သီးသန့်စဉ်းစားရမယ့် သဘောတော့ ရှိတာပေါ့လေ ။အခု အင်တာဗျူးပြီးတဲ့သူက ၃၀၀ ကျော်သွားပြီ ၊ အားလုံးပေါင်း ဘယ်လောက်ရှိလည်းတော့ မသိရသေးဘူး ၊ အင်တာမဗျူးရသေးတဲ့သူတွေလည်း အများကြီးကျန်နေသေးတယ်”လို့ ပြောပါတယ်။
KNU အနေနဲ့ အလင်းဝင်လာတဲ့ စစ်သားတွေကို နေရာချပေးဖို့ ၊ ကူညီဖို့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပဒိုစောတောနီးက ပြောပါတယ် ။
နှစ်ပေါင်း ၃၀ စစ်မှုုထမ်းခဲ့ပြီး CDM လုပ်ခဲ့တဲ့ တပ်ကြပ်ကြီး ဇော်မင်းဦးက “ ကျွန်တော့ စစ်သားလုပ်သက် ၃၀ ရဲ့ လုပ်သက်ဆုကြေး ၊ ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ဖို့ နှစ်ရက်လောက်တော့ စဉ်းစားချင့်ချိန်တယ် ၊ တွေးတယ် ၊ ဆုံးဖြတ်တယ်။ ကျန် အသက်ရှင်ချိန်မှာ မိသားစုနဲ့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်သွားမယ် ဆိုပြီး စိတ်ဖြတ်ပြီး ထွက်လာခဲ့တယ်လို့” ပြောပါတယ်။