KNU နဲ့ DKBA ခေါင်းဆောင်တွေ တွေ့ဆုံပွဲအပြီးမှာ စစ်ကောင်စီက ထိုးစစ်ဆင်တာတွေ ပိုမို လုပ်ဆောင်နေ


ဩဂုတ်လ ၅ရက်နေ့ မှာ အကြမ်းဖက်စစ်အုပ်စုက ဝေါလေ ၊ ၃ ထပ်ကွေ့လမ်းပိုင်းကို လက်နက်ကြီးနဲ့ နေရာပေါင်းစုံက ပစ်ခတ်တိုက်ခိုက်နေပြီး ဒါဟာ မတ်လ ၃ ရက်နေ့ KNU နဲ့ DKBA ခေါင်းဆောင်တွေ တွေ့ဆုံပွဲအပြီးမှာ စစ်ဆင်ရေးတွေ ပိုမိုတိုးမြှင့်လာတာလို့ KNLA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

“KNU လူကြီးတွေ၊DKBA လူကြီးတွေကတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေ ပြန်ပေါင်းဖို့ အစည်းအဝေးလုပ်ထားတယ်၊ စစ်ကောင်စီတပ်နဲ့ နယ်မြေတည်ငြိမ်ရေး ဆွေးနွေးဖို့ အဖိုးစတီးက တာ၀န်ယူပြီး ပြောမယ်ဆိုမယ် ပြောထားပြီးတော့ အခုမနက်မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နေရာစုံကနေ ၃ထပ်ကွေ့ ၊သရက်တစ်ပင်ဘက်ကို ပစ်နေတယ်၊ သူတို့က မနေ့ကတည်းက စစ်ကြောင်း နောက်တစ်ကြောင်းစာ စစ်ကူ အင်အားဖြည့်ဖို့ မြ၀တီ ဘက်ကနေ ဖလူးရွာဘက်ကို လာချ သွားတာတော့ရှိ တယ်၊ လက်ရှိမြေပြင်ကတော့ စစ်ကြောင်း ထိုးပစ်ခတ် တာတွေ တော့မလုပ်လာသေးဘူး”လို့ ဆိုပါတယ်။

KNU နဲ့ DKBA ခေါင်းဆောင်တွေ တွေ့ဆုံမှုအတွက် နှစ်ဖက်အဖွဲ့အစည်းတွေက တရားဝင်စာ ထုတ်ပြန်ခဲ့တာ မရှိပေမယ့် အချက် ၅ ချက်ပါ ဆွေးနွေးပွဲရလဒ်တွေ ပြင်ပကို ပေါက်ကြားလာခဲ့တာပါ။
ဒီကိစ္စနဲ့ ပါတ်သက်ပြီး DNA အနေနဲ့ KNUရဲ့ ပြောရေးဆိုခွင့်တာဝန်ခံ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အတည်ပြုချက်မရခဲ့ပါဘူး ။ ဒါပေမယ့် DKBA ဘက်ကတော့ ဗိုလ်ချုပ်ကြီးစောစတီးလက်မှတ်နဲ့ စာတစောင်ထုတ်ပြန်ခဲ့ပြီး အဲဒီစာထဲမှာ ဆွေးနွေးပွဲရလဒ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ အမှတ် ၅ ဟာ DKBA ရဲ့ သဘောထားနဲ့ လုံးဝမတိုင်ဆိုင်ဘူးလို့ အသိပေးခဲ့ပါတယ်။

အဲဒီ အမှတ် ၅ အချက်မှာ “လက်တလော ဖြစ်ပေါ်နေသော ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးမှ တာဝန်ယူ၍ စကစနှင့်ဆွေးနွေးရန် သဘောတူဆုံးဖြတ်သည် ။ အကယ်၍ ညှိနှိုင်းဆွေးနွေမှုအား သဘောမတူဘဲ တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မည် ဆိုပါက အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ပါသည်” လို့ ရေးသားထားတာတွေ့ရပါတယ်။

လက်ရှိအခြေအနေအရ ဖလူး- ၃ထပ်ကွေ့ ၊ -ဝေါလေ လမ်းပိုင်းကို နယ်မြေစိုးမိုး ထိမ်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေက တစ်လကြာမြင့်လာတဲ့အထိ ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။